ပွင့်ဖြူ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ၉၉၁၀ ဧကထိ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲသီးနှံ ၂၁၈၄၃ ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက သတ်မှတ်စိုက်ဧက ပြည့်မီစေရန် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ကုလားပဲ ၉၉၁၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာ ဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့ ရည်ရွယ်ပြီး ကုလားပဲ ၂၁၈၄၃ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ ဒီနေ့ထိ ၉၉၁၀ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ ကုလားပဲသီးနှံ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး လျာထားစိုက်ဧက ပြည့်မီအောင်၊ အထွက်နှုန်းများ တိုးတက်အောင်၊ အရည်အသွေးကောင်းတဲ့သီးနှံများ ထွက်ရှိအောင် တောင်သူတွေကို ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြဖို့၊ ပိုးမွှားရောဂါ မကျရောက်အောင် ဆောင်ရွက်ကြဖို့ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးတာတွေကို ကွင်းဆင်းဆောင်ရွက်နေပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပွင့်ဖြူမြို့နယ်တွင် ကုလားပဲသီးနှံ စိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်း ကောင်းမွန်ရေးနှင့် အရည်အသွေးကောင်းသော သီးနှံများထွက်ရှိရေးအတွက် ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ ပိုးမွှားကျရောက်မှု ကင်းရှင်းရေး၊ ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲရေး စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)