ပွင့်ဖြူ  ဇွန်   ၂၀

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငှက်ပျောသီးနှံ (၁၀၂၀) ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ ထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ငှက်ပျောစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး (၁၀၂၀)ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက မေလ ဒုတိယပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ငှက်ပျောစိုက်ဧက (၁၀၂၀)ဧက စိုက်ပျိုးပြီးစီပြီဖြစ်၍ သတ်မှတ် လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

"ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေအဆင်ပြေတော့ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိတယ်။ ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီအနေနဲ့ ငှက်ပျောစိုက်ပျိုးခြင်းကို ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက်ရည်ရွယ်ပြီး ငှက်ပျောစိုက်ဧက(၁၀၂၀)ဧက လျာထားစိုက်ပျိုးခဲ့ရာ ယနေ့တွင် သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ငှက်ပျောစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဒေသခံ တောင်သူတွေကို စိုက်ပျိုးရေးနည်းပညာတွေအပြင် ထွက်ရှိလာတဲ့သီးနှံများ အစားအစာ ဘေးကင်းလုံခြုံစေ ဖို့အတွက် အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်ပေးပါတယ်။ ဒီဒေသမှာ တောင်သူတွေ အများဆုံး စိုက်ပျိုးတဲ့ ငှက်ပျောက ဖီးကြမ်း၊ ရခိုင်ငှက်ပျော သီးမွှေး ငှက်ပျောချဉ် စတဲ့ သီးနှံတွေကို စိုက်ပျိုးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေတိုးပွားစေရန် မုန်းချောင်းရေ၊ မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ပြီးခဲ့သည့် မိုးသီးနှံစိုက်ပျိုးရာသီတွင်လည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်ပံ့ပိုးမှုဖြင့် ငှက်ပျောသီးနှံစိုက်ဧက (၁၀၂၀)ဧက လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် ငှက်ပျော ခိုင်ရေ(၁၄၃၀)ခိုင် ထွက်ရှိခဲ့ကြောင်းနှင့် ရောင်းချရာတွင် ဈေးကောင်းရရှိပြီး လုပ်ငန်းအဆင်ပြေကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)