ပွင့်ဖြူ ဒီဇင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ချည်မျှင်ရှည်ဝါ ၅၈၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒီဇင်ဘာ ဒုတိယပတ်က စတင်သိမ်းဆည်းခဲ့ရာ ယနေ့ထိ ဝါသီးနှံ ၂၄၅၇ ဧက သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

"ချည်မျှင်ရှည်ဝါသီးနှံက ဈေးကွက်ရှိတာကြောင့် ဒေသခံတောင်သူတွေက မိုးဦးနဲ့ မိုးနှောင်းမှာ အားထားစိုက်ပျိုးကြပါတယ်။ ဝါသီးနှံသိမ်းဆည်းရာတွင် အထွက်နှုန်းလျော့နည်းမှုမရှိအောင် အချိန်မီရိတ်သိမ်းနည်းပညာနဲ့ သိမ်းဆည်းပြီးတဲ့ ဝါသီးနှံတွေ အရည်အသွေးကောင်းမွန်စေရေး စနစ်တကျ ထားသိုထိန်းသိမ်းနည်းပညာများကို တောင်သူတွေ သိရှိလိုက်နာနိုင်ဖို့ အသိပညာပေးတာတွေ ကွင်းဆင်းဆောင်ရွက်ပေးပါတယ်။ အခုနှစ်မှာ ဝါသီးနှံစိုက်ခင်းတွေက အောင်မြင်ဖြစ်ထွန်းမှုရှိပြီး အရင်နှစ်ကထက် အထွက်နှုန်းလည်း ကောင်းမွန်ပါတယ်။ တစ်ဧက ၅၂၉ ဒသမ ၈၅ ပိဿာ ထွက်ရှိပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

ပံ့ပိုးကူညီ

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးတောင်သူများကို သီးနှံဝင်ငွေတိုးပွားစေရန်နှင့် အရည်အသွေးကောင်းသော ဝါသီးနှံများထွက်ရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သီးနှံပိုးမွှားရောဂါကင်းရှင်းရေး ကာကွယ်ရေးနည်းလမ်းများစသည့် တောင်သူပညာပေး လုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေ တွက်ခြေကိုက်သည့် ချည်မျှင်ရှည်ဝါ ရွှေတောင်(၈)၊ ရွှေတောင်(၁၀) စသည့် ဝါသီးနှံမျိုးများကို စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု ကောင်းမွန်ခဲ့သဖြင့် ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိကာ ယခင်နှစ်ကထက် အထွက်နှုန်းများ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)