ပွင့်ဖြူ      ၂၂  ဖေဖော်ဝါရီ          

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် ဖူးစားပြောင်းကို နွေ ၊ မိုး ၊ ဆောင်း သုံးရာသီ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကာ ယခုနှစ်တွင် ပြောင်းဖူးဈေးနှုန်းများ ယခင်နှစ်ကထက် ဈေးပိုရောင်းရသဖြင့် ဖူးစားပြောင်းစိုက်ပျိုးတောင်သူများ စီးပွားရေးတွက်ခြေကိုက်၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။ 

“ကျွန်မတို့ မဲဇလီကျေးရွာအုပ်စု ၊ ညောင်ပင်ဝိုင်းကျေးရွာက ဒေသခံတောင်သူတွေဟာ ဖူးစားပြောင်းကို နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ကျွန်မတို့ကျေးရွာက မဲဇလီရေလွှဲဆည်ကပေးတဲ့ မြောင်းမုန်းမြောင်းမကြီးနဲ့ နီးပေမယ့် ရေမြောင်းနဲ့ အမြင့်နေရာဖြစ်နေတော့ စိုက်ပျိုးရေရယူဖို့အတွက် မလွယ်ကူပါဘူး။ တစ်ချို့တောင်သူကတော့ ရေတင်စက်တွေဝယ်ယူပြီး စပါးသီးနှံများ စိုက်ပျိုးကြပါတယ်။ တောင်သူအများစုကတော့ စပါးမစိုက်ပဲ ယခုလို ဖူးစားပြောင်း ၊ ငှက်ပျော ၊ ငရုတ် ၊ ကြက်သွန် ၊ ခရမ်းချဉ် ၊ ကုလားပဲ ၊ အခြား ဟင်းသီးဟင်းရွက်သီးနှံစားပင်များကို စီးပွားဖြစ် စိုက်ပျိုးကြ ပါတယ်။ ဖူးစားပြောင်းကိုတော့ သုံးရာသီလုံး စိုက်ပျိုးကြပါတယ်။ ယခု ဆောင်းသီးနှံအဖြစ် တောင်သူတွေ စိုက်ပျိုးတဲ့ ဖူးစားပြောင်းစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းမှုရှိတဲ့အပြင် ယခင်နှစ်ကထက် ဈေးပိုရောင်းရလို့ ဖူစားပြောင်း စိုက်ပျိုး တောင်သူတွေ စီးပွားရေးတွက်ခြေကိုက်ပါတယ်။ စိုက်ပျိုးတဲ့ ဖူးစားပြောင်းမျိုးကတော့ အရပ်ခေါ် ပန်ရွှေသံကြားပြောင်းမျိုး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြောင်းဖူး တစ်ဖူးကို ငွေကျပ် ၅၀ မှ ၈၀ ကျပ်သာ ရောင်းချရပါတယ်။ ယခုနှစ်မှာ ပြောင်းဖူး တစ်ဖူးကို လက်လီဈေးနှုန်းက ငွေကျပ် ၂၀ဝ ရောင်းချရပြီး ၊ ဖောက်သည်ဈေးက တစ်ဖူးကို ငွေကျပ် ၁၅၀ ဖြင့် ရောင်းချ ရပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ပြောင်းဖူးဈေးနှုန်း ကောင်းတာကြောင့် ကျွန်မတို့မြို့နယ်က ဖူးစားပြောင်း စိုက်ပျိုး တောင်သူတွေ စီးပွားရေတွက်ခြေကိုက်ကြပါတယ် ၊ ကျွန်မဆိုရင် ဒီနှစ် ဖူးစားပြောင်းစိုက်ပျိုးသီးနှံ ဝင်ငွေ ၁၀ သိန်းနီးပါးခန့် ရရှိနေပါပြီ” ဟု ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ၊ ညောင်ပင်ဝိုင်းကျေးရွာမှ ဖူးစားပြောင်းစိုက်ပျိုးတောင်သူ မလွင်မော် က ပြောပြသည်။ 

 

‌ေ

 

ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာရှိ ဒေသခံတောင်သူများသည် မြေအောက်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို နွေ၊ မိုး၊ ဆောင်း သုံးရာသီ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ ပြောင်း၊ ကုလားပဲ၊ နှမ်း၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ငှက်ပျောနှင့် ဟင်းသီးဟင်းရွက်သီးနှံစားပင်များကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ယခုနှစ်တွင် ဖူးစားပြောင်းများ ဈေးကောင်းသည့်အတွက် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)