ပွင့်ဖြူ ၁၁ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြု၍ မိုးရာသီတွင် စိုက်ပျိုးသည့် ထိုင်ဝမ်ခရမ်းချဉ်သီးနှံ စိုက်ပျိုးတောင်သူများ ယခုနှစ် ရာသီဉတုပူပြင်းမှုကြောင့် အောင်မြင်ဖြစ် ထွန်းမှုနည်းပြီး ခရမ်းချဉ်သီးအထွက်နှုန်း လျော့နည်းကာ တောင်သူများ အရှုံးပေါ် လျက်ရှိကြောင်း သမန်းရင်းကျေးရွာမှ ဒေသခံတောင်သူ များထံက သိရသည်။
ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် မြို့နယ်အတွင်းရှိ တောင်သူများက (နွေ ၊ မိုး ၊ ဆောင်း ) ရာသီ မပျက် စဉ်ဆက်မပြတ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ သီးနှံများစိုက်ပျိုးရာ၌ ဈေးကွက် ကောင်းသော သီးနှံများကို ရွေးချယ်၍ တောင်သူများ စိုက်ပျိုးလုပ်ကိုင်လာကြောင်း သိရသည်။ ယခုနှစ်တွင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြု၍ မိုးရာသီတွင်စိုက်ပျိုးသည့် ထိုင်ဝမ်ခရမ်းချဉ်သီးနှံစိုက်ခင်းများမှာ ရာသီဉတုပူပြင်းမှုကြောင့် အောင်မြင်ဖြစ်ထွန်းမှု မရှိဖြစ်ကာ အဖျားသီး လောက်သာ ဆွတ်ခူးရ၍ အရှုံးနှင့် ကြုံတွေ့နေရကြောင်း ပွင့်ဖြူမြို့နယ်သမန်းရင်းကျေးရွာမှ ထိုင်ဝမ်ခရမ်းချဉ်စိုက်ပျိုးတောင်သူ ကိုကျော်ဇင်ဝင်း က ပြောသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် မြို့နယ်အတွင်းရှိ တောင်သူတွေက သီးနှံများကို နွေ ၊ မိုး ၊ ဆောင်း ရာသီမပျက် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ သီးနှံများစိုက်ပျိုးရာတွင် မုန်းချောင်းအနီး ကျေးရွာတွေက မုန်းချောင်းရေကို အမှီပြု၍ စိုက်ပျိုးကြသလို တစ်ချို့တောင်သူတွေက မြေအောက်ရေကို အမှီပြု၍ ကိုယ်ပိုင် အဝီစိတွင်းများ တူးဖော်ကာ စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းကိုတော့ ဈေးကွက်ကောင်းတဲ့ သီးနှံတွေကို ရွေးချယ်စိုက်ပျိုး လုပ်ကိုင် လာကြပါတယ်။ ယခုနှစ်မှာ ရာသီဉတုပူပြင်းမှုကြောင့် ထိုင်ဝမ်ခရမ်းချဉ်သီးနှံစိုက်ခင်းတွေ အဖျားသီးလောက်သာ ဆွတ်ခူးရောင်းချရတဲ့အပြင် ခရမ်းချဉ်သီး တစ်ပိဿာကို ဖောက်သည်ဈေး ငွေကျပ် ၆၀ဝ ခန့်သာ ရောင်းချရလို့ တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ဒေသမှာ ထိုင်ဝမ်ခရမ်းချဉ်အပြင် ပန်းမုံလာ ၊ မုံလာဉ ၊ ကြက်သွန် နှင့် အခြား ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ပါတယ်။ ထိုင်ဝမ်ခရမ်းချဉ်ကတော့ စိုက်ပျိုးပြီး (၃)လအကြာမှာ ရောင်းတန်းဝင် ခရမ်းချဉ်သီးကို စတင်ဆွတ်ခူးရောင်းချရပါတယ်။ ယခုနှစ်မှာတော့ ထိုင်ဝမ်ခရမ်းချဉ်သီး သီးနှံစိုက်ခင်းတွေ ရာသီဉတုပူပြင်းမှုကြောင့် အထွက်နှုန်းနည်းပြီး စီးပွားရေးတွက်ချေ မကိုက်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


