ပွင့်ဖြူ ၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင် ကျင်းမည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုရန် လျှောက်ထားသူ ၃၆၈၈ ဦးရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံး၏ စာရင်းမှတ်တမ်းအရ သိရသည်။
ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပွင့်ဖြူမြို့နယ်၌ ဖြေဆိုရန်လျှောက်ထားသူဦးရေမှာ ၃၄၃၃ ဦးရှိခဲ့ရာ ယခုနှစ် တွင် ဖြေဆိုရန်လျှောက်ထားသူဦးရေမှာ ယခင်နှစ်ထက် ၂၀၀ ကျော်ခန့် ပိုမိုများပြားလာကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ တစ်နှစ်ထက် တစ်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ များလာမှုကြောင့် ယခင်က စာမေးပွဲကျင်းပရန် သတ်မှတ်ပေးထားသည့် ပွင့်ဖြူမြို့(အ.ထ.က)စာစစ်ဌာန ၊ ကုန်းဇောင်း(အ.ထ.က)စာစစ်ဌာန ၊ ရှောက်တော(အ.ထ.က) စာစစ်ဌာန၊ လယ်ကိုင်း(အ.ထ.က)စာစစ်ဌာန၊ ကျောင်းတော်ရာ(အ.ထ.က)စာစစ်ဌာန၊ ကံသာကြီး(အ.ထ.က)စာစစ်ဌာန ၊ စုစုပေါင်း စာစစ်ဌာန (၆)ခုသာ သတ်မှတ်ထားရှိပေးခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်မှစတင်ကာ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မဲဇလီ(အ.ထ.က) စာစစ်ဌာန တစ်ခု ထပ်မံတိုးချဲ့ ဖွင့်လှစ်ထား ရှိပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော် ထံမှ သိရသည်။
၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပွင့်ဖြူမြို့နယ်၌ စာစစ်ဌာန(၇)ခုဖြင့် ကျင်းပခဲ့ရာ ဖြေဆိုရန် လျှောက်ထားသူဦးရေ ၃၄၃၃ ဦး ရှိပြီး ဝင်ရောက်ဖြေဆိုသူဦးရေ ၃၃၂၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ စုစုပေါင်း ဖြေဆို အောင်မြင်သူဦးရေ ၁၃၁၇ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )