ပွင့်ဖြူ နိုဝင်ဘာ  ၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါကြောင့် ယာယီပိတ်ထားသည့် အခြေခံပညာ ကျောင်းများကို ကျောင်းသားကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် နိုဝင်ဘာ (၁)ရက် ယနေ့ နံနက် ၈ နာရီက ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြား ပေးလျက်ရှိရာ အခြေခံပညာကျောင်းများအလိုက် ကျောင်းသားကျောင်းသူများက စိတ်အေးချမ်းစွာ တက်ရောက် ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၀)ကျောင်း ၊ အထက်တန်းကျောင်းခွဲ(၁၇)ကျောင်း ၊ အလယ်တန်းကျောင်း(၅)ကျောင်း ၊ အလယ်တန်းကျောင်းခွဲ(၁၀)ကျောင်း ၊ မူလတန်းလွန်ကျောင်း(၁၂)ကျောင်း ၊ မူလတန်း ကျောင်း(၁၀၇)ကျောင်း ၊ မူလတန်းကျောင်းခွဲ(၅)ကျောင်း ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၃)ကျောင်း ၊ စုစုပေါင်း အခြေခံပညာစာသင်ကျောင်းပေါင်း(၁၆၉)ကျောင်းရှိပြီး ယနေ့တွင် ကျောင်းသားကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၉၅ ဦး ၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၆၁ ဦး ၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၄၅ ဦး ၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၂၀၁ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 

ထို့သို့ မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားရာတွင် အခြေခံပညာကျောင်းများအလိုက် ဆရာ ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျောင်းပတ်ဝန်းကျင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ၊ နယ်မြေယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကလည်း ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 ရဲဝင်းနိုင် ( ညောင်ဦး )