ပွင့်ဖြူ ၊ ၂၉ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ကျင်းပသည့် မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးတောင်သူများအတွက် ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးလှိုင်မြင့်က မြို့နယ်အတွင်းရှိ ဒေသခံတောင်သူ များ စပါးသီးနှံစိုက်ပျိုးရာတွင် သီးနှံဝင်ငွေအကျိုးအမြတ်ရရှိရေးအတွက် ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တောင်သူများ စပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မျိုးသန့်စပါးနှင့် သွင်းအားစုဓာတ်မြေဩဇာများကို ချမ်းမြေဇေယျာကုမ္ပဏီမှ ယာယီအကြွေးစနစ်ဖြင့် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်းနှင့် တောင်သူများ စပါးသီးနှံပေါ်ချိန်တွင်လည်း စပါးတင်း ၁၀၀ လျှင် ငွေကျပ် ခြောက်သိန်းဈေးဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဉက္ကဋ္ဌ ဦးဝင်းထိုက်က ဆန်စက် လုပ်ငန်းရှင်များ အသင်းအနေဖြင့် တောင်သူများ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက စပါးသီးနှံစိုက်ပျိုးရာတွင် တွေ့ကြုံရသော အခက်အခဲ များနှင့် ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းတွင် ဆောင်ရွက်မည့်အစီအစဉ်များအပေါ် သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ရဲဝင်းနိုင်(ပြန်/ဆက်)


