ပွင့်ဖြူ ၊ ၉ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အဆိုပါ ကျေးရွာအနီးရှိ မြောက်မုန်းမြောင်းမကြီးတွင် သံကူကွန်ကရစ် တံတားတစ်စင်းအား ဒီဇင်ဘာ ၁၅ ရက်က စတင်ကာ အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာတွင် ရွာလယ်၌ ချောင်းရှိနေပြီး ကျေးရွာ၏ အရှေ့ပိုင်းရှိ အိမ်ထောင်စု ၂၅၀ ခန့်မှာ နှစ်စဉ် မိုးတွင်းကာလများတွင် သွားရေးလာရေး အခက်အခဲများ ကြုံတွေ့နေရသည်။ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် ဒေသထွက်ကုန်စည် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာအနီးရှိ မြောက်မုန်းမြောင်းမကြီးတွင် တံတားတစ်စင်း တည်ဆောက်ပေးနိုင်ရေး တင်ပြတောင်းခံလာသဖြင့် ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၉၉ သန်းဖြင့် မြောင်းမကြီးအရှည်ပေ ၇၅ ပေ အား လမ်းအကျယ် ၁၄ ပေ ရှိ သံကူကွန်ကရစ် တံတားတစ်စင်းအား ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့ရာ လက်ရှိတွင် တံတားတည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင် ထံက သိရသည်။
အဆိုပါ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် မြို့နယ်ဦးစီးအရာရှိ ဦးရဲထွဋ်အောင်နှင့် ဝန်ထမ်းများအဖွဲ့က အနီးကပ် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ယင်းသံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၁၅ ရက်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်သည်။ တံတားတည်ဆောက်ပြီးစီးပါက ကျောင်းကုန်းကြီးကျေးရွာ အရှေ့ပိုင်းရှိ အိမ်ထောင်စု ၂၅၀ အတွက် ဒေသခံ ကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ဒေသထွက်ကုန်သီးနှံများကို ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ရာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )


