ပွင့်ဖြူ    အောက်တိုဘာ    ၁၀

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသော အသက်(၁၈)နှစ်အထက် ပြည်သူများကို ယနေ့ နံနက် ၉ နာရီက ဆေးထိုးစုရပ်(၄)နေရာခွဲ၍  စတင်ထိုးနှံ ပေးနေကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

“ဒီကနေ့ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးတဲ့  အသက်(၁၈)နှစ်အထက် ပြည်သူတွေကို ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးနေတာ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကိုတော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုနဲ့ ဆေးထိုးစုရပ်(၄)နေရာဖြစ်တဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)၊ လယ်ကိုင်းကျေးရွာ(အ.ထ.က)၊ မဲဇလီကျေးရွာ (အ.ထ.က)ကျောင်း တို့မှာ နံနက် ၉ နာရီကမှ မွန်းတည့် ၁၂ နာရီအချိန်အထိ ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ထိုးနှံပေးတာဖြစ်ပြီး ဒီနေ့နဲ့ မနက်ဖြန် (၂)ရက် ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ဆေးထိုးစုရပ်အလိုက် ကာကွယ်ဆေးထိုးလာရောက်ထိုးနှံကြတဲ့ ပြည်သူတွေ အခက်အခဲမရှိ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက်ကိုလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်မီးသတ်ဦးစီး ဌာန ၊ မြို့နယ် စေတနာ့ဝန်ထမ်း(Volunteer) အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးတာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးသစ်ထွန်း က ပြောသည်။  

 

အဆိုပါ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအခြေအနေအား ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး ပြည်သူများစိတ်အေးချမ်းသာစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လိုအပ်သည် များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက် သတ်မှတ်ဆေးထိုးအကြိမ်ရေ ပြည့်မီအောင် မပျက်မကွက် လာရောက်ထိုးနှံကြဖို့ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင်(ညောင်ဦး)