ပွင့်ဖြူ ၁၅ ဇူလိုင်    


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပြည်သူများ စိုက်ပျိုးရေးဆေးနှင့် အိမ်သုံးဆေးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးအောင်ဖြိုးဝေ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ရှောက်တော ကျေးရွာနှင့် ဇီးတောကျေးရွာရှိ ဆေးပစ္စည်းအရောင်းဆိုင်များသို့  သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆေးပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် မဖြစ်စေရေး၊ ရောင်းချသည့် ဆေးပစ္စည်းများတွင် ကုန်ပစ္စည်း အညွှန်းအမှတ်အသားများ ဖော်ပြပါရှိရေးအား သိရှိလိုက်နာနိုင်ရန် ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။ 


ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် ဆေးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် မှားယွင်းမှုမရှိစေရေးအတွက် ပညာပေးဆွေးနွေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါ၍ ပွင့်ဖြူမြို့နယ် ရှောက်တော ကျေးရွာနှင့် ဇီးတောကျေးရွာရှိ စိုက်ပျိုးရေးဆေးနှင့် အိမ်သုံးဆေးပစ္စည်းများရောင်းချသည့် ဆေးဆိုင်(၆)ဆိုင်သို့ သွားရောက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ  အိမ်သုံးဆေးနှင့် စိုက်ပျိုးရေးဆေးပစ္စည်းများရောင်းချရာ၌ ပြည်သူများ ဘေးအန္တရာယ် မဖြစ်စေရေးအတွက် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ပြဌာန်းထားသော ဆေးပစ္စည်း အမျိုးအစားအလိုက် ပါရှိရမည့် ကုန်ပစ္စည်းအညွှန်းအမှတ်အသားများနှင့် စပ်လျဉ်းသည့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁)၊ ပုဒ်မ (၁)၊(ခ)နှင့် အခန်း(၁၈)၊ ပုဒ်မ (၄၁)ပါ သိသာထင်ရှားစွာ ရေးသားဖော်ပြရမည့်အချက်များ၊ စားသုံးသူ အကာအကွယ် ပေးရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကို ပညာပေးရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များ သိရှိလိုက်နာနိုင်ရေး စားသောက်ကုန်ပစ္စည်းအညွှန်းအမှတ်အသားများနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)