ပွင့်ဖြူ၊ ၁၉ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းတိုင်းတာရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်လွင်ဝင်အောင်နှင့် ဝန်ထမ်းများ၊ Myanmar Land ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဒေသခံများက ကျေးရွာကုန်ထုတ်လမ်း အရှည်ပေ တစ်မိုင်၊ လေးဖာလုံအား လမ်းအကျယ် ၁၂ ပေ၊ ထု ခြောက်လက်မ မြေနီကျောက်စရစ် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေး တိုင်းတာစစ်ဆေးခဲ့ကြပြီး ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကျေးရွာကုန်ထုတ်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် ၂၄ ဒသမ ၃၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် Myanmar Land ကုမ္ပဏီမှ တာဝန်ယူ ဖောက်လုပ်ပေးသွားမည်ဖြစ်ပြီး ကုန်ထုတ်လမ်း ဖောက်လုပ်ရာတွင် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ရွာသစ်ကုန်းကျေးရွာရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးရေး လုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း ) အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် ဒေသထွက်ကုန် သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


