ပွင့်ဖြူ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများ တိုးလာပြီး တမံရေပိုလွှဲမှ (၈) ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ အောက်တိုဘာ ၁ ရက် ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာရာတွင် တမံရေပိုလွှဲမှ (၅ ဒသမ ၈) ပေခန့်သာ ရေကျော်ကျမှုရှိသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တဖြည်းဖြည်း လျော့နည်း ကျဆင်းလာပြီဖြစ်ကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းမှစတင်ကာ စတင်ဘာ ၂၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများရှိခဲ့ပြီး တမံရေပြည့်မှတ်အထက် ရေပိုလွှဲမှ (၈) ပေကျော်အထိ ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယခုအခါ မိုးရွာသွန်းမှု ရပ်တန့်သွားပြီဖြစ်၍ တမံရေပိုလွှဲမှ ရေကျော်ကျမှု လျော့နည်းကျဆင်းလာခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာရာတွင် တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် (၅ ဒသမ ၈) ပေခန့်သာ ရေကျော်ကျမှု ရှိတော့ကြောင်းနှင့် အဆိုပါ တမံရေပိုလွှဲမှ ရေကျော်မှုမှာ တမံအောက်ဘက်ရှိ ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်ရာအခြေအနေ မရှိကြောင်း ကြီးအုံကြီးဝတမံမှ တာဝန်ခံ (AE) ဦးစိုးတင့်က ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)