ပွင့်ဖြူ နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၇)နေရာခွဲပြီး အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းများရှိ ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူ ၅၃၇၅ ဦးအား ယမန်နေ့က ကာကွယ်ဆေးထိုးနှံပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာ လာရောက်ထိုးနှံနိုင်ရေးအတွက် ပွင့်ဖြမြို့(အ.ထ.က)ကျောင်း၊ လယ်ကိုင်းကျေးရွာ (အ.ထ.က)ကျောင်း ၊ ကုန်းဇောင်းကျေးရွာ (အ.ထ.က)ကျောင်း ၊ ရှောက်တောကျေးရွာ(အ.ထ.က)ကျောင်း ၊ ကျောင်း တော်ရာကျေးရွာ(အ.ထ.က)ကျောင်း ၊ မဲဇလီကျေးရွာ(အ.ထ.က)ကျောင်းနှင့် ထနောင်းကုန်းကျေးရွာ(အ.ထ.က) ကျောင်း တို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း ၊ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက အနီးကပ်ကြီးကြပ်ကာ ပညာရေးဌာနမှ ဆရာ/ဆရာမများ ၊ စေတနာ့ ဝန်ထမ်း(Volunteer) အဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်အနေနဲ့ အခြေခံပညာအလယ်တန်းနဲ့ အထက်တန်းကျောင်းများမှ အသက်(၁၂)နှစ် အထက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရမည့် ကျောင်းသားကျောင်းသူဦးရေဟာ အလယ်တန်းအဆင့်မှာ ကျောင်းသားကျောင်းသူ ၃၈၆၁ ဦး ၊ အထက်တန်းအဆင့်တွင် ကျောင်းသားကျောင်းသူ ၁၅၁၄ ဦး ၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၅၃၇၅ ဦး ရှိပါတယ်။ ကျောင်းသားကျောင်းသူတွေ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အောက်တိုဘာ ၁၆ ရက်နေ့ကစပြီး ဆေးထိုးစုရပ်(၇)နေရာခွဲပြီး ထိုးနှံပေးခဲ့ရာ နိုဝင်ဘာ ၁ ရက်နေ့မှာ ထိုးနှံပြီးစီးသွားပြီ ဖြစ်ပါတယ်။ ခုဆိုရင် ကိုဗစ် - ၁၉ ရောဂါဟာ ကူးစက်မှုနှုန်း လျော့နည်းသွားပြီဖြစ်လို့ ကျောင်းသားကျောင်းသူတွေ ပညာသင်ယူခွင့် အခွင့်အလမ်းတွေ မဆုံးရှုံးစေဖို့အတွက် နိုင်ငံတော်က အခြေခံပညာကျောင်းတွေကို နိုဝင်ဘာ ၁ ရက် နေ့ကစပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့လို့ ကျွန်တော်တို့မြို့နယ်မှာလည်း ကျောင်းသားကျောင်းသူတွေကို ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ကြိုတင်ကာကွယ်ရေး စည်းကမ်းချမ်းများနှင့်အညီ ဖွင့်လှစ်ပညာသင်ကြားပေးနေပြီဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော် က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


