ပွင့်ဖြူ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို စက်တင်ဘာ ၂၃ ရက် ၊ ယနေ့နံနက် ၉ နာရီကစတင်ပြီး ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄)နေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ ၊ လယ်ကိုင်းကျေးရွာ(အ.ထ.က) ကျောင်း ၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)ကျောင်း ၊ မဲဇလီကျေးရွာ(အ.ထ.က)ကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဆေးထိုးစုရပ်များသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပုလင်း အလုံးရေ ၁၂၀၀ ရရှိပြီး ဆေးပုလင်းတစ်လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းကာ စုစုပေါင်း လူဦးရေ ၆၀၀၀ လျာထား ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင် မြတ်ခိုင်နှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား တွေ့ဆုံကာ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရေးအတွက် သတ်မှတ်အကြိမ်ရေ ပြည့်မီအောင် မပျက်မကွက် လာရောက်ထိုးနှံကြရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )