ပွင့်ဖြူ      အောက်တိုဘာ    ၉

           

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  အောက်တိုဘာ ၈ ရက်၊ ညနေ ၅ နာရီက  ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာနှင့် လက်ပနွယ်ကျေးရွာသို့ သွားရောက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

           

ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို မကြာခဏ ဆေးကြောကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင် သွားလာကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှု ခံယူကြရန်၊ မိမိတို့နေအိမ်တွင် အသက်အရွယ်ကြီးရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါ တစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ပေးပြီး လေဝင်လေထွက် ကောင်းသည့်နေရာတွင် နေထိုင်ပေးကြရန်၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ကြရန်၊ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ အသိပညာပေးလမ်းညွှန်ချက်များကို ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန်တို့ကို ကျေးရွာတွင်း လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

           

အဆိုပါ အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က  ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရေးအတွက် စဉ်ဆက်မပြတ် ကွင်းဆင်းအသိပေး နှိုးဆော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                                             

ရဲဝင်းနိုင် ( ညောင်ဦး )