ပွင့်ဖြူ၊ ၅ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဇန်နဝါရီ ၄ ရက် ညနေပိုင်းက ပွင့်ဖြူမြို့ (အ.ထ.က)ကျောင်း ယာယီ သီးခြားလူနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာများတွင် အမျိုးသား (၃)ဦးနှင့် အမျိုးသမီး(၂) ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်ထံမှ သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ (၅)ဦးမှာ ကိုဗစ်ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိ၍ (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုး ကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးရာတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စီစဉ်ထားရှိသော ပွင့်ဖြူမြို့ (အ.ထ.က)ကျောင်း ယာယီ သီးခြား လူနာကုသဆောင်တွင် ပြောင်းရွှေ့ဆေးကုသမှုခံယူစေခဲ့ရာ ယမန်နေ့ ညနေပိုင်းက ကျန်းမာရေး ကောင်းမွန်ပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာ မတွေ့ရဘဲ သတ်မှတ်ရက်ပြည့်မြောက်တာကြောင့် ဆေးရုံဆင်းခွင့် လက်မှတ်ထုတ်ပေး ခဲ့ပြီး ယာယီသီးခြား လူနာကုသဆောင်မှ ဆင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်က ပြောသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ(၅)ဦးမှာ ပွင့်ဖြူမြို့နယ် ဂါတ်ကုန်း ကျေးရွာမှ အသက်(၄၇)နှစ်အရွယ် အမျိုးသား(၁)ဦး၊ အသက်(၁၇ နှစ်)အရွယ် အမျိုးသား(၁)ဦး၊ အသက်(၅၇ နှစ်) အရွယ် အမျိုးသမီးတစ်ဦး၊ လယ်ကိုင်းကျေးရွာမှ အသက် (၅၀ နှစ်)အရွယ် အမျိုးသား(၁)ဦး၊ ဆည်တော်ကျေးရွာမှ အသက်(၂၅ နှစ်)အရွယ် အမျိုးသား(၁)ဦးတို့ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၄ ရက် ညနေပိုင်းက ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းမှ ပရဟိတ အဖွဲ့ဝင် များက မော်တော်ယာဉ်ဖြင့် နေအိမ်အရောက် ပို့ဆောင်ပေးခဲ့ပြီး နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက် နေထိုင်သွားရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ နေထိုင် သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယနေ့အထိ ကိုဗစ်ပိုးတွေ့လူနာ (၆၁)ဦး ရှိသွားပြီဖြစ်ပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံ ဆင်းခွင့်ရရှိသူ(၅၃)ဦး ရှိသွားပြီဖြစ်ကာ ယာယီသီးခြား လူနာကုသဆောင်တွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ(၈)ဦး ကျန်ရှိနေပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်ထံက သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


