ပွင့်ဖြူ ၈ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှာ ဒီဇင်ဘာ ၇ ရက် ညနေ ၄ နာရီခွဲက ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီ သီးခြားလူနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာများတွင် အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၃) ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
အဆိုပါ ပိုးတွေ့လူနာ(၉)ဦးမှာ နိုဝင်ဘာ (၂၀)ရက်နှင့် (၂၂)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ် ၊ ရွှေပြည်သာမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များမှ အလုပ်လုပ်ကိုင်ပြီး မိမိတို့ အစီအစဉ်ဖြင့် ကားငှား၍ ပြန်လည်ရောက်ရှိလာပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ စီစဉ်ထားရှိသော မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre တွင် အသွားအလာ ကန့်သတ် နေထိုင်ခဲ့ကြောင်း၊ နိုဝင်ဘာ (၂၆)ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးစိုးနိုင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း Facility Quarantine Centre များမှ အသွားအလာ ကန့်သတ် စောင့်ကြည့်ရသူ(၄၃)ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာရယူ၍ ရန်ကုန်အမျိုးသား ကျန်းမာရေး ဆိုင်ရာဓာတ်ခွဲမှုဌာန(NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာတွင် ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ပွင့်ဖြူမြို့၊ (အ.ထ.က) ကျောင်း ယာယီ သီးခြား လူနာကုသဆောင်တွင် ပြောင်းရွှေ့ဆေးကုသမှုခံယူစေခဲ့ရာ ယမန်နေ့ ညနေပိုင်းက ကျန်းမာရေး ကောင်းမွန်ပြီး ကိုဗစ် - ၁၉ ရောဂါလက္ခဏာ မတွေ့ရဘဲ သတ်မှတ်ရက်ပြည့်မြောက်တာကြောင့် ဆေးရုံဆင်းခွင့် လက်မှတ်ထုတ်ပေးခဲ့ပြီး ယာယီသီးခြား လူနာကုသဆောင်မှ ဆင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် က ပြောသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ(၉)ဦးမှာ ပွင့်ဖြူမြို့နယ် တောင်အင်း ကျေးရွာမှ အသက်(၅၃)နှစ်အရွယ် အမျိုးသား(၁)ဦး၊ အသက်(၁၈)နှစ်အရွယ် အမျိုးသား(၁)ဦး၊ သရက်အုပ်ကျေးရွာမှ အသက် (၃၉)နှစ်အရွယ် အမျိုးသား(၁)ဦး ၊ သရက်တောကျေးရွာမှ အသက်(၂၀)နှစ်အရွယ် အမျိုးသား(၁)ဦး၊ ဝဲဒေါင့်ကျေးရွာမှ အသက်(၄၂)နှစ်အရွယ် အမျိုးသား(၁)ဦး၊ လေးအိမ်ကုန်းကျေးရွာမှ အသက်(၁၉)အရွယ် အမျိုးသား (၁)ဦး ၊ အသက်(၂၀)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၄၀)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ကြောင်း သိရပြီး ယမန်နေ့ ညနေပိုင်းက ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတအဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် နေအိမ်အရောက် ပို့ဆောင်ပေးခဲ့ပြီး နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်သွားရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ (၃၇)ဦး ရှိသွားပြီဖြစ်ပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ရရှိသူ (၃၅)ဦးရှိပြီဖြစ်ကာ ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြား လူနာကုသဆောင်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ (၂)ဦး ကျန်ရှိနေပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )


