ပွင့်ဖြူ  ၅  ဇွန်       

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းအတွင်း မြေကွက်လပ်တွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင်နှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြည်စေရန် အရိပ်ရဝါးပင်(၃၀၀)အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု ပြောင်းလဲမှုဂေဟစနစ်အား မျှတကောင်းမွန်စေရေးအတွက် နှစ်စဉ် သစ်မျိုးစုံအရိပ်ရပျိုးပင်များ ပြုစုပျိုးထောင်ထားရှိပြီး အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင်လည်း မြို့နယ်အတွင်း အရိပ်ရ သစ်မျိုးစုံပေါင်း ၁၂၆၆၄၁ ပင် စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော် ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)