ပွင့်ဖြူ  ၁၁  မတ်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်ရန် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ကျေးလက်ကုန်ထုတ်လမ်း တံတားလုပ်ငန်းများ တည်ဆောက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ရွာသာကြီးကျေးရွာ ကုန်ထုတ်လမ်း အရှည် ပေ ၅၆၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ လက်ခုပ်ကျေးရွာ ကုန်ထုတ်လမ်း အရှည် ပေ ၆၆၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်း၊ အုန်းတောကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် Box Culvert ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကံဆွယ်ကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် အရှည် ပေ ၆၀၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၅ ပေရှိ ကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေ ၁၅၂ ဒသမ ၈၈၃ သန်းဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်စေရေးအတွက် ကြီးကြပ်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီနေပြီဖြစ်ကြောင်း သိရသည်။

 

“ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားလုပ်ငန်းများ ရွေးချယ်ရာတွင် ကျေးလက်ဒေသမှ ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်ပြသော လမ်းများကို ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး ခန့်မှန်းကုန်ကျစရိတ်နှင့် အမှန်တကယ်အကျိုးရှိမှုတို့ကို တွက်ချက်ပြီး ဦးစားပေးအလိုက် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ လုပ်ငန်းများကို တင်ဒါစနစ်ဖြင့် ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်ပြီး ဌာနမှတာဝန်ရှိသူများက လုပ်ငန်းများကို ကြီးကြပ်စစ်ဆေးလျက် ရှိပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။

 

သူရိန်(မင်းဘူး)