ပွင့်ဖြူ မေ ၁၉

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၀၄၆ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၀၄၆ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်တွင် နေကြာသီးနှံများ စိုက်ပျိုးနိုင်ရေး လယ်ယာမြေများ ထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း နေကြာ ၁၀၄၆ ဧက စိုက်ပျိုးသွားဖို့ လျာထားပါတယ်။ လက်ရှိအချိန်မှာ နေကြာများ စိုက်ပျိုးနိုင်ဖို့ လယ်ယာမြေထွန်ယက်ပြုပြင်တာတွေကို လုပ်ဆောင်နေကြပါတယ်။ နေကြာက တစ်ဧက ဆီထွက်ရှိမှုမှာ တခြားဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်းတို့ထက် ပိုများပါတယ်။ ဒီဒေသမှာ နေကြာကို ဆောင်းရာသီမှာ ပိုပြီးစိုက်ကြတာများပါတယ်။ မိုးနေကြာကို လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

ပွင့်ဖြူမြို့နယ်၌ နေကြာသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများကို ဒေသနှင့်ကိုက်ညီသော နေကြာမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ ပိုမိုကောင်းမွန်စေရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများနှင့် သင်တန်းများပေးခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားရေး သင်တန်းများပေးခြင်း၊ မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျသုံးစွဲရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)