ပွင့်ဖြူ၊  ၉  ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၅၄၆ သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၄၄ ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လမ်းလုပ်ငန်း (၁၀) ခု၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း (၁၇)ခု၊ ရေစီးရေလာကောင်းမွန်ရေး အုတ်ရေနုတ်မြောင်း ဆောင်ရွက်ခြင်းလုပ်ငန်း (၁၂) ခုနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်း (၅)ခု၊ စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း (၄၄)ခုကို ဌာနခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၅၄၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် စီစဉ်ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်း က ပြောသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့တွင်းရှိ ရေနုတ်မြောင်းများတူးဖော်ခြင်း၊ ကတ္တရာလမ်းများ ချဲ့ထွင်ပြုပြင်ခြင်း၊ ဈေးတွင်းလမ်းများ ပြုပြင်ခြင်းနှင့် မြို့ပြသာယာလှပရေး လမ်းဘေးပလက်ဖောင်းများ ပြုပြင်မွမ်းမံခြင်း၊ ပန်းအလှပင်များနှင့် အရိပ်ရသစ်ပင်များစိုက်ပျိုးခြင်း၊ ရပ်ကွက်များအတွင်း အမှိုက်များစနစ်တကျသိမ်းဆည်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း ခွင့်ပြုငွေရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး )