ပွင့်ဖြူ ၁၇ ဇူလိုင်
ငါးသယံဇာတ တိုးပွားရေး၊ စဉ်ဆက်မပြတ် ပြည်သူများ ငါးစားသုံးမှုရရှိရေးနှင့် တစ်ပိုင်တစ်နိုင် ကိုယ်တိုင် ငါးသားဖောက်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းစခန်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်းက နိုင်ငံတစ်ဝန်း စည်းကမ်းမဲ့ ငါးဖမ်းဆီးမှုများကြောင့် ငါးသယံဇာတများ လျော့နည်းကျဆင်းလာကြောင်း ၊ ယခုဖွင့်လှစ်သည့်သင်တန်းသည် ငါးသယံဇာတ တိုးပွားလာစေရန်နှင့် စဉ်ဆက်မပြတ် ငါးစားသုံးမှုများ ရရှိစေရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးထွန်းက သင်တန်းတွင် ပို့ချသင်ကြားပေးမည့် သင်ခန်းစာများနှင့် လိုက်နာရမည့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းအတွက် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံ ပေးအပ်ခဲ့ပြီး မြို့နယ်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဉာဏ်ဝင်းက တက်ရောက်လာသည့် သင်တန်းသားများကို ရေချိုငါးများ ဆေးထိုးသားဖောက်နည်း ပညာရပ်နှင့် စနစ်တကျ ငါးမွေးမြူရေးဆိုင်ရာ နည်းလမ်းများကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့သည်။
အဆိုပါ ရေချိုငါးများဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်ပွဲသို့ မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်း ၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးထွန်းနှင့် ဝန်ထမ်းများ ၊ မြို့နယ်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဉာဏ်ဝင်းနှင့် မြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ သင်တန်းသား ၁၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရပြီး သင်တန်းအား ယနေ့ နံနက် ၉ နာရီခွဲမှ ည ၁၂ နာရီအထိ ဖွင့်လှစ်ပို့ချသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


