ပွင့်ဖြူ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်နိုင်ရန်နှင့် ကိုဗစ် - ၁၉ ကပ်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး သိကောင်းစရာနှင့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သိကောင်းစရာများကို ပြသဆောင်ရွက်ထားရှိရာ ယနေ့ နံနက်ပိုင်းက ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများက စိတ်ဝင်တစား ဝင်ရောက်လေ့လာဖတ်ရှုကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးပြဘုတ်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိကအကြောင်းအရင်းနှင့် ဆိုးကျိုးများ ၊ မူးယစ်ဆေးဝါးသုံးစွဲပါက အရေးယူခံရမည့် ပြစ်မှုဆိုင်ရာများ ၊ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ကြိုတင်ကာကွယ်ရန်အတွက် ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ ၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားပါက ပြန်လည်ကျန်းမာစေရေးအတွက် ပြုမူနေထိုင်ရမည့် နည်းလမ်းများနှင့် မှီဝဲစားသုံးရမည့် အစားအစာများ ၊ ရောဂါကူးစက်မှု အများဆုံးဖြစ်လေ့ရှိသည့် ရှောင်ရှားရန်အချက်များ ပါဝင်ပြသထားကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းက အများပြည်သူ လေ့လာနိုင်ရေးအတွက် ပြသဆောင်ရွက်ထားရှိသော မြေစိုက်ဘုတ်အား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများက စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာဖတ်ရှုကြရာ ဝန်ထမ်းများက ပြည်သူများ သိသင့်သိထိုက်သော အချက်အလက်များကို ရှင်းလင်းဆွေးနွေး ပြောကြားပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာပေအသိမြင့်မားစေရေးအတွက် မြို့နယ်ရုံးရှိ အသိပညာပေး မြေစိုက်ဘုတ်တွင် လစဉ် ပြည်သူများ ဝင်ရောက် ဖတ်ရှုလေ့လာနိုင်ရန် ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေး အစရှိသည့် ပညာပေးစာစောင်များ ၊ ပိုစတာများ ၊ ဆောင်းပါးများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ဆောင်ရန်ရှောင်ရန်များကို ပြုလုပ်ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )