ပွင့်ဖြူ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးသူ များကို ဒုတိယအကြိမ် ကာကွယ်ဆေး ထပ်မံထိုးနှံပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၂ ရက် ၊ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအောင် မြတ်ခိုင်က အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့နယ်မြေအလိုက် ဒေသခံပြည်သူများ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် အသိပေးကြေညာဆောင်ရွက်မည့် အစီအစဉ်များနှင့် ရောဂါကူးစက်မှုများ လျော့နည်းပပျောက်ရေးအတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော် ဆောင်ရွက်ထားမှုများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအောင်မြတ်ခိုင် က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးမှာကြားပြီး ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ပါးစပ်နှင့် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်ဘူးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား အောက်တိုဘာ (၁၄)ရက် နေ့တွင် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဒုတိယအကြိမ် ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရန်အတွက် သတ်မှတ်ဆေးထိုးအကြိမ်ရေ ပြည့်မီစွာ ထိုးနှံကြရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ မြို့နယ်မီးသတ်ဦးစီးဌာန ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းအဖွဲ့မှ အသံချဲ့စက်ယာဉ်ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် သွားရောက်ပြီး ကြိုတင်အသိပေး ၊ သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )