ပွင့်ဖြူ  ၊  ၈   ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၇၄ ဒသမ ၅၀ သန်း အသုံးပြုကာ ကျေးရွာ ၃ ရွာ၌ ကုန်ထုတ်လမ်း ၃ လမ်းအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန မှ သိရသည်။

 

ယခုလိုမျိုး ကုန်ထုတ်လမ်းတွေ အဆင့်မြှင့်တင်ဖောက်လုပ်ပေးနေတာဆိုရင် စိုက်ပျိုးရေး တောင်သူတွေ အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးနေတာပါ ။ ယခင်က ကုန်ထုတ်လမ်းတွေ မရှိတဲ့အခါမှာ စိုက်ပျိုးတဲ့သီးနှံတွေကို ဈေးကွက်ကိုတင်ပို့ရောင်းချတဲ့အခါမှာ ကုန်ကျစရိတ် များပြားပါတယ် ။ အဲဒါကြောင့် ကျေးလက်ကုန်ထုတ်လမ်းတွေ အဆင့်မြှင့်တင် ဖောက်လုပ် ပေးနေတာပါ။ ကုန်ထုတ်လမ်းတွေ ရှိလာတဲ့အတွက်ကြောင့် ထွက်ကုန်သီးနှံတွေကို ဈေးကွက်ကို အချိန်ကုန် သက်သာစွာ ရာသီမရွေး တင်ပို့ရောင်းချလို့ရပါတယ် ဟု ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြသည်။

 

ကုန်ထုတ်လမ်းဆောင်ရွက်ရာတွင် ကံဆွယ်ကျေးရွာတွင် အရှည်ပေ ၅၂၈၀၊ အကျယ် ၁၂ ပေ၊ ထု ကိုးလက်မရှိ မြေနီကျောက်စရစ်ဖြန့်ခင်းခြင်းလုပ်ငန်း၊ ရွာသစ်ကုန်းကျေးရွာတွင် အရှည် ၇၉၂၀ ပေ ၊ အကျယ် ၁၂ ပေ၊ ထု တစ်ပေ ကိုးလက်မရှိ မြေနီကျောက်စရစ်ဖြန့်ခင်းခြင်းလုပ်ငန်း၊ ရွာသာယာ ကျေးရွာတွင် အရှည်ပေ ၅၉၄၀၊ အကျယ် ၁၂ ပေ၊ ထု ကိုးလက်မရှိ မြေနီ ကျောက်စရစ် ဖြန့်ခင်းခြင်းလုပ်ငန်းအား တင်ဒါအောင်မြင်သော Real Land ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း ၃ လမ်း ဆောင်ရွက် ပြီးစီးပါက အဆိုပါကျေးရွာ သုံးရွာနှင့်အနီးဝန်းကျင်မှ စိုက်ပျိုးလယ်ယာဧက ၂၅၀ဝ ခန့်မှ ထက်ရှိသော ထွက်ကုန်သီးနှံများအား ဈေးကွက်သို့ ရာသီမရွေး တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

သူရိန်(မင်းဘူး)