ပွင့်ဖြူ၊ ၁၄ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတွင် ဒေသခံတောင်သူများ မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြု၍ (နွေ၊ မိုး၊ ဆောင်း) ရာသီမပြတ် သခွါးသီးနှံကို အဓိကစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိသည့်အတွက် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း အဆိုပါကျေးရွာမှ သခွါးသီးနှံစိုက်ပျိုးတောင်သူများထံက သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ နေကြာ စသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြု၍ ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံတို့ကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ အချို့ကျေးရွားများရှိ ဒေသခံတောင်သူများမှာ ဉယျာဉ်ခြံမြေများပြုလုပ်ကာ ဖီးကြမ်းငှက်ပျော၊ သီးမွှေးငှက်ပျော၊ ငှက်ပျောချဉ်နှင့် နှစ်ရှည်သီးနှံများဖြစ်သည့် ပိန္နဲ၊ သရက်၊ သနပ်ခါး၊ လျှော်ဖြူ၊ မန်ဂျက်ရှား၊ ရှောက်ပင်၊ သံပုရာပင်များကိုလည်း စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာ၌ ယခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတွင် ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ တောင်သူများအတွက် နေ့စဉ်မိသားစုဝင်ငွေရရှိသည့်အတွက် တောင်သူများက (နွေ၊ မိုး၊ ဆောင်း) ဟင်းသီးဟင်းရွက် စားပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်နေကြကြောင်း သိရကာ ယခုနှစ်တွင် တောင်သူများစိုက်ပျိုးသည့် ဟင်းသီးဟင်းရွက် စားပင်သီးနှံများတွင် သခွါးသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိသည့်အတွက် လုပ်ငန်းအဆင်ပြေလျက်ရှိနေကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
“ကျွန်တော်တို့ကျေးရွာက ဒေသခံတောင်သူတွေဟာ နေ့စဉ်သီးနှံဝင်ငွေရရှိတဲ့ ဟင်းသီးဟင်းရွက် စားပင်သီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ယခင်ကဆိုရင် ဟင်းသီးဟင်းရွက် စားပင်သီးနှံတွေကို မိရိုးဖလာစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ခုတော့ တစ်ဖြည်းဖြည်းနဲ့ စိုက်ပျိုးရေးနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ တောင်သူအကျိုးအမြတ်ရှိတဲ့ စိုက်ပျိုးရေး နည်းစနစ်တွေကို ပြောင်းလဲစိုက်ပျိုးလုပ်ကိုင်ကြပါပြီ။ ယခုနှစ်မှာဆိုရင် မျှားနီစိုက်ပျိုးရေးကုမ္ပဏီမှ ထုတ်လုပ်တဲ့ ဆမ်းမားသခွါး သီးနှံမျိုးကို စိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာမှာလည်း ဈေးကောင်းရရှိလို့ တောင်သူတွေ စီးပွားရေးတွက်ချေကိုက်ပါတယ်။ သခွါးသီးနှံက စိုက်ပျိုးပြီး(၁)လခွဲအကြာမှာ ရောင်းတန်းဝင်သခွါးသီးများကို ဆွတ်ခူးရောင်းချရပြီး အပင်ရေ ၁၀၀၀ စိုက်ပျိုးပါက စိုက်ပျိုးစရိတ်အရင်းအနှီး ငွေကျပ် ခုနစ်သောင်းခွဲကျပ်ခန့် ကုန်ကျမှုရှိပြီး သီးနှံဝင်ငွေအနေဖြင့် အနည်းဆုံး ငွေကျပ် သုံးသိန်းမှ လေးသိန်းအထိ အကျိုးအမြတ်ရရှိပါတယ်။ ဒါ့ကြောင့် ဆမ်းမားသခွါးသီးနှံကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက်ပျိုးလုပ်ကိုင်သူ ကိုသန်းဌေးအောင်က ပြောသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


