ပွင့်ဖြူ  ၂၂  ဇူလိုင် 


မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တောင်သူပညာပေး နွေစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် လယ်ဖီလာကျေးရွာရှိ တောင်သူ ဦးအေးကြိုင်၏ နွေစပါးစိုက်လယ်မြေတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ နွေစပါးသီးနှံ စံကွက်ရိတ်သိမ်းပွဲတွင် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ကျော်က စပါးသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်း တိုးပွားစေရေးအတွက် လိုက်နာရမည့် အခြေခံစိုက်ပျိုးရေး နည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန် နည်းလမ်းများ၊ သီးနှံဖျက်ပိုးကျရောက်မှု ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရန် နည်းစနစ်များနှင့် သီးနှံရိတ်သိမ်းချိန် အထွက်နှုန်းလျော့နည်းမှုမရှိစေရေး အချိန်မီ သီးနှံရိတ်သိမ်းရမည့် နည်းစနစ်များကို ပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။


ထိုသို့ စံကွက်ရိတ်သိမ်းရာတွင် တစ်ဧက အထွက်နှုန်း စပါးသီးနှံ(အစို) ၁၀၆ ဒသမ ၇၂ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)