ပွင့်ဖြူ နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ မြေပဲ ၈၆၉ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ မြေပဲစိုက်ဧက ၂၉၃၀ ဧက စိုက်ပျိုးရန် လျာထားပြီး ဒေသခံတောင်သူများက လျာထားစိုက်ဧကပြည့်မီစေရန် ယခုနှစ် အောက်တိုဘာ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပဲ ၈၆၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ပြည်တွင်းဆီစားသုံးမှု ဖူလုံပိုလျှံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲကို ၂၉၃၀ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ၈၆၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ သတ်မှတ်လျာထားဧက ပြည့်မီဖို့နဲ့ အထွက်နှုန်း ကောင်းမွန်စေဖို့ အတွက် မြေပဲစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး တောင်သူပညာပေးတာတွေကို ကွင်းဆင်းဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက သီးနှံအထွက်နှုန်း ကောင်းမွန်ရေး ဒေသနှင့် ကိုက်ညီသည့် ဆင်းပဒေသာ-၁၁ မြေပဲမျိုးများကိုသာ အဓိကစိုက်ပျိုးကြကြောင်း သိရပြီး တောင်သူ များ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက အရည်အသွေးကောင်းသော သီးနှံများ ထွက်ရှိရေး၊ စိုက်ပျိုးရေး သွင်းအားစုများ စနစ်တကျသုံးစွဲရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရေး စသည့် စိုက်ပျိုးရေးအသိပညာပေးခြင်းများကို တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဆီစားသုံးမှု ဖူလုံစေရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးရေး လုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း ) တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း၊ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက မြေပဲ ၁၆၆၁ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ဧက ၃၆၁၉ ဧက စိုက်ပျိုးနိုင်ခဲ့၍ လျာထားဧကထက် ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခု ဆောင်းသီးနှံစိုက်ပျိုးရာတွင်လည်း မြေပဲစိုက်ဧက ၂၉၃၀ ဧက စိုက်ပျိုးရန် လျာထားရှိရာ ယနေ့ထိ ၈၆၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ သတ်မှတ်စိုက်ဧက ပြည့်မီရေးအတွက် ဒေသခံ တောင်သူများ ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)


