ပွင့်ဖြူ ၁၉ မတ်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ရှိ ပိတောက်လမ်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေး(ဝဲ၊ယာ)များတွင် အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။
အဆိုပါ ပွင့်ဖြူမြို့ ပိတောက်လမ်းသည် လမ်းအရှည်ပေ ၁၄၇၀ ရှိပြီး မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဌာနခွင့်ပြုရန်ပုံငွေကျပ် ၅၁ ဒသမ ၈ သန်းဖြင့် လမ်းဘေး (ဝဲ၊ယာ) တစ်ဖက်လျှင် အကျယ် ၂ ပေ ၆ လက်မ၊ အနက် ၂ ပေ ရှိ အုတ်ရိုးစီရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်း ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၅ ရက်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦးထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့တွင်းသန့်ရှင်းသာယာလှပရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဌာနခွင့်ပြု ရန်ပုံငွေဖြင့် မြို့ပြဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဌာန၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၃၆၅ ဒသမ ၇၁ သန်းဖြင့် ယခု ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းအပါအဝင် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၂၁ ခု အား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


