ပွင့်ဖြူ ၂၄ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ယူ ခဲ့ကြသည့် ကျောင်းသား ကျောင်းသူဟောင်းများအဖွဲ့မှ ကြီးမှူးကျင်းပသည့် သတ္တမအကြိမ်မြောက် အာစရိယပူဇော်ပွဲကို နိုဝင်ဘာ ၂၄ ရက်၊ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့၊ အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း ယာယီမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက် ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူဟောင်းများနှင့် ဖိတ်ကြားထားသူများက အသက်(၆၀)ပြည့် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ကန်တော့ ခဲ့ကြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေ တို့က ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးများကို အစဉ်အလာမပျက် အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်ပေးခြင်းအပေါ် ဝမ်းသာပီတိစကားများ ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီဉက္ကဋ္ဌ ဦးနိုင်ချို က အာစရိယပူဇော်ပွဲကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီး အတွင်းရေးမှူး ဦးဇော်မိုးနိုင် က (၂)နှစ် တစ်ကြိမ် အစဉ်အလာမပျက် အာစရိယပူဇော်ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်းပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော ကျောင်းသား ကျောင်းသူများကို ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားခဲ့သည်။
၎င်းနောက် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးမိုးချစ်နှင့် ဆရာမကြီး ဒေါ်လှလှတို့က ဆုံးမဩဝါဒစကားများ အသီးသီးပြောကြားကာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူဟောင်းများနှင့် ဖိတ်ကြားထားသူများက အသက်(၆၀)ပြည့်နှစ် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း (၁၃၉) ဦးအား ကန်တော့လက်ဆောင်ပစ္စည်းများဖြင့် တစ်ဦးချင်းစီအား ပူဇော်ကန်တော့ခဲ့ကြသည်။
အဆိုပါ သတ္တမကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာများ၊ ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်းတွင် ပညာသင်ကြားခဲ့သော ကျောင်းသား ကျောင်းသူဟောင်းများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း လူဦးရေ ၅၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


