မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၅)နှစ် စိန်ရတုကာလ ရောက်ရှိတော့မည်ဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော် လူ့သက်တမ်းတစ်ခုနီးပါးရှိပြီဖြစ်သော်လည်း တိုင်းပြည်သည် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအပြည့်အဝမရှိသေးသည်ကို တွေ့ရမည်ဖြစ်သည်။ အကြောင်းရင်းကို ဆန်းစစ်ကြည့်လျှင် တစ်တိုင်းပြည်လုံး တည်ငြိမ်အေးချမ်းမှုရှိသည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ခြင်းမရှိသောကြောင့်ဟု ပြောရမည်ဖြစ်သည်။
လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရန် အတွက် ခေတ်အဆက်ဆက် ခေါင်းဆောင်များက ကြိုးပမ်းတည်ဆောက်ခဲ့ကြသည်။ ငြိမ်းချမ်းရေးအတွက် ချမှတ်ဆောင်ရွက်သည့် မဟာဗျူဟာ၊ နည်းဗျူဟာ၊ လုပ်ငန်းစဉ်များ မတူကွဲပြားသော်လည်း ပြည်ထောင်စုကြီး အကျိုးကို ရှေးရှုသည့် ပြင်းပြသောဆန္ဒများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရပါသည်။ သို့သော် သဘောထားအမြင် ခံယူချက်ကွဲပြားမှုကြောင့် ပြီးပြည့်စုံသည့် စုစည်းညီညွတ်မှုနှင့်ငြိမ်းချမ်းမှုကို မတည်ဆောက် နိုင်သော်လည်း ခေတ်ကာလအလိုက် ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သည့် ရလဒ်တစ်မျိုးမျိုးကို စိုက်ထူထားနိုင်ခဲ့သည့် သမိုင်းမှတ်တိုင်များရှိခဲ့ပါသည်။
ယင်းတို့တွင် ထူးခြားသောသမိုင်းမှတ်တိုင်တစ်ခုမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ချုပ်ဆိုနိုင်သည့် ခုနစ်နှစ်မြောက် နှစ်ပတ်လည် နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။ ငြိမ်းချမ်းရေးကိုတည်ဆောက်ရာတွင် လက်နက်ကိုင်အဖွဲ့များသည် အရေးပါသော အဖွဲ့အစည်းများဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားပြည်သူအားလုံးနှင့်လည်း သက်ဆိုင်ပေသည်။ နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွတ်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် တက်ကြွစွာပူးပေါင်းဆောင်ရွက်ခဲ့သည်။
တိုင်းရင်းသားအဖွဲ့အစည်းများကြားတွင် ယုံကြည်ချက်၊ ခံယူချက်နှင့်သဘောထားအမြင်များ မည်မျှကွဲပြားခြားနား ကြသော်လည်း “ငြိမ်းချမ်းရေးကို မဖြစ်မနေရယူလိုစိတ်” အပေါ် အရင်းခံ၍ တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်လုပ်ဆောင်ခဲ့သည်။ စစ်ကြောင့်ဖြစ်လာသည့် အနိဋ္ဌာရုံများ၊ မငြိမ်းချမ်းမှုနှင့်ဆိုးကျိုးများ၊ ပင်ပန်းဆင်းရဲ ဒုက္ခအခက်အခဲရောက်မှုများ၊ အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများနှင့် ဘဝများရင်းနှီးပေးဆပ်နေရသည်မှာ တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင်ညီနောင်များသာမက ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဘဝများ ပါ ပေးဆပ်နေကြရသည်။ ပေးဆပ်လာရသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီး ယခုအခါ လွတ်လပ်ရေး ရသည့် စိန်ရတုကာလသို့ ရောက်ရှိလာပြီဖြစ်၍ မငြိမ်းချမ်းခြင်းကို အဆုံးသတ်ပြီး ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေရရှိရန် လိုအပ်နေပြီဖြစ်သည်။
ထာဝရငြိမ်းချမ်းရေးခရီးလမ်းသို့ တက်လှမ်းနိုင်ရန်အတွက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ထောင်စု လွှတ်တော်တွင် ကန့်ကွက်သူမရှိအတည်ပြုပေးခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)သည် လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးမည့် အရေးပါသည့်စာချုပ်ဖြစ်သည်။ စာချုပ်တွင် ပါဝင်သောအချက်အလက်များသည် စာချုပ်ရေးဆွဲစဉ်က အတူတကွပါဝင်ခဲ့ကြသည့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို အခြေခံရေးဆွဲထားသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် NCA ၏အခြေခံမူများအတိုင်း လိုက်နာဆောင်ရွက်မည်ဆိုလျှင် ငြိမ်းချမ်းရေးနှင့်အလှမ်းနီးလာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ရေးအတွက် ဒီမိုကရေစီယဉ်ကျေးမှုကျင့်စဉ်များကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှစတင်၍ ကျင့်သုံးလာသောနိုင်ငံဖြစ်သည်။ ယခုအခါ ဒီမိုကရေစီ အလေ့အကျင့်ကို မှန်ကန်စွာဖြင့် ပြန်လည်တည်ဆောက်နိုင်ရန် တည့်မတ် ဆောင်ရွက်ပေးလျက်ရှိပြီး ရွေးကောက်ပွဲတွင်ပါဝင်၍ လိုအပ်ချက်များကို အစိုးရ၊ လွှတ်တော်လမ်းကြောင်း ပေါ်တွင်သာ နည်းလမ်းတကျ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဒီမိုကရေစီကို နည်းလမ်းတကျလုပ်ကိုင် ဆောင်ရွက်နိုင်သော အချိန်အခါတွင် လက်နက်စွဲကိုင်ပြီး အကြမ်းဖက်လုပ်ဆောင်မှုမျိုး၊ လက်နက်ကိုင်စွဲပြီး လူမျိုးစွဲ၊ ဒေသစွဲ အကြောင်းပြုဆောင်ရွက်မှုမျိုးသည် ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ကို သတိပြုရမည် ဖြစ်သည်။
သို့ဖြစ်ရာ မျက်မှောက်ကာလသည် ထာဝရငြိမ်းချမ်းရေးခရီးကို မဖြစ်မနေ တက်လှမ်းရမည့်အချိန်အခါဖြစ်သည်။ ပြည်ထောင်စုကြီးအကျိုးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ လုံခြုံစိတ်ချအာမခံချက်ရှိရေးကိုရှေးရှု၍ ငြိမ်းချမ်းရေးကို မဖြစ်မနေရယူမည်ဟူသည့် စစ်မှန်ပြင်းပြသောဆန္ဒများဖြင့် အားလုံးဝိုင်းဝန်း လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်