ပြင်သစ်ဆန္ဒပြမှုအတွင်း လူပေါင်း ၂ဝဝဝ နီးပါး ဖမ်းဆီးခံရ

ပြင်သစ်နိုင်ငံတစ်ဝန်း ရောင်ပြန်အင်္ကျီအဝါဝတ်သူများ၏ ဆန္ဒပြမှုအတွင်း လူပေါင်း ၂ဝဝဝ နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ပြင်သစ်နိုင်ငံ၏ နေထိုင်မှုစရိတ် ကြီးမြင့်လာမှုအပေါ် နိုင်ငံတစ်ဝန်း ဆန္ဒပြသူ ၁၃၆ဝဝဝ ခန့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့သည်။

ပြင်သစ်သမ္မတ အန်မန်နျူရယ်မက်ခရွန်လက်ထက်တွင် ပြည်သူများ စိုးရိမ်စိတ်မြင့်မားလာပြီး မြို့တော်ပါရီ၊ မာဆေးလ်၊ ဘော်ဒိုး၊ လိုင်ယွန်၊ တူလုစ်မြို့များနှင့် အခြား မြို့များတွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ 

အဆိုပါ ဆန္ဒပြမှုများကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၇၂၃ ဦးဖမ်းဆီးခဲ့ပြီး ၁၂၂ဝကို ဖမ်းဆီးရန် ညွှန်ကြားထားကြောင်း သိရသည်။ ပါရီမြို့တော်တွင် ပရမ်းပတာလုပ်ရပ် များ ဆက်လက်ရှိနေပြီး လုံးဝလက်ခံနိုင်စရာမရှိဟု ကြေညာထားသော်လည်း ပြည်ထဲရေးဝန်ကြီး ခရစ်စတိုဖီကက်စ်တာနာက ပါရီမြို့တော်မှ အကြမ်းဖက်မှုများကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ပြီး လူစုခွဲခဲ့ရသလို နိုင်ငံတစ်ဝန်း ရဲတပ်ဖွဲ့ဝင် ၈၉ဝဝဝ ခန့် လုံခြုံရေးချထားကြောင်း သိရသည်။ 

အေအက်ဖ်ပီ