၅ ဩဂုတ်
ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာ တောမီးလောင်ကျွမ်းနေတဲ့ မာဆေးမြို့ အနီးရှိ ဟင်းသီးဟင်းရွက် စိုက်ခင်း ဟက်တာ ၁,၀၀၀ (၂,၅၀၀ ဧက) ပျက်စီးခဲ့ကြောင်းနဲ့ ဒေသခံ ၂,၇၀၀ နီးပါးကို ရွှေ့ပြောင်း ပေးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မာဆေးမြို့ရဲ့ အနောက်ပိုင်းက စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် သေဆုံးသူ မရှိသေးကြောင်း၊ မီးငြှိမ်းသတ်ရန် မီးသတ်သမား ၁,၈၀၀ နဲ့ ရေတင်ထားတဲ့ လေယာဉ်တွေပါ စေလွှတ်ထားကြောင်း သိရပါတယ်။
တောမီးလောင်ရာအနီးကို ရောက်ရှိနေတဲ့ ခရီးသွားတွေ ပါဝင်တဲ့ ဒေသခံ ၂,၇၀၀ ဦးကို အနီးရှိ ငါးဖမ်းလှေတွေနဲ့ ရွှေ့ပြောင်းပေးနောက် မာတီဂူးမြို့မှာ အသင့်ပြုလုပ်ထားတဲ့ ယာယီကယ်ဆယ်ရေး စခန်းတွေဆီကို ဘတ်စ်ကားတွေနဲ့ တင်ဆောင်သွားကြောင်း တာဝန်ရှိသူက ဆက်ပြောပါတယ်။
တောမီးဟာ အင်္ဂါနေ့ နေ့လယ်ပိုင်းက စတင်ခဲ့တာဖြစ်ပြီး နှစ်နာရီအတွင်းမှာ ၈ ကီလိုမီတာကို ရောက်အောင် လေတိုက်နှုန်းကလည်း ပြင်းထန်ကြောင်း၊ တစ်ညလုံးမီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဌာနရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
တောမီးကို ငြှိမ်းသတ်ရန် ရေတင်ထားတဲ့ လေယာဉ် ၇ စီး၊ ရဟတ်ယာဉ် ၁ စီး နဲ့ မီးသတ်သမား ၁,၈၀၀ ကို တာဝန်ပေးထားကြောင်း သိရပါတယ်။
မာဆေးမြို့ကနေ မာတီဂူးမြို့ကို သွားမယ့် အဝေးပြေးလမ်းကို ပိတ်ထားကြောင်း ပြောပါတယ်။
MDN
ကိုးကား - AFP