ကျောက်ပန်းတောင်း ၂၆ နိုဝင်ဘာ
ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်မြန်မာနိုင်ငံမှ ပြင်သစ်နိုင်ငံသို့ တစ်ရက်လျှင် မိုင် ၃၀ နှုန်းဖြင့် လမ်းလျှောက်ကြမည့် ထိုင်းနိုင်ငံမှ ဘုန်းတော်ကြီးများနှင့် လိုက်ပါကူညီသူ နိုင်ငံခြားသားများသည် ယမန်နေ့က ကျောက်ပန်း တောင်းမြို့သို့ ဖြတ်သန်းရောက်ရှိခဲ့ကြသည်။
အဆိုပါ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခဲ့ကြသူများမှာ ထိုင်းနိုင်ငံသား ဘုန်းတော်ကြီးရှစ်ပါး၊ ထိုင်းနိုင်ငံသား လူပုဂ္ဂိုလ်နှစ်ဦးနှင့် ချီလီနိုင်ငံသားတစ်ဦးတို့ဖြစ်ကြပြီး ၎င်းတို့သည့် နတ်မောက်မြို့နယ်မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရပြီး နတ်မောက်-ကျောက်ပန်းတောင်းလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ နံနက် ၈ နာရီ ၁၀ မိနစ်တွင် ကျောက်ပန်းတောင်း- မိတ္ထီလာနတ်မောက်လမ်းခွဲ (ရွှေအုန်းပင်လမ်းခွဲ)သို့ ရောက်ရှိခဲ့ကြပြီး ညနေ ၃ နာရီတွင် ကျောက်ပန်းတောင်းမြို့ ဘူတာလမ်းဆုံသို့ ရောက်ရှိကြသည်။
ထို့နောက် ကျောက်ပန်းတောင်းမြို့၌ ခေတ္တနား၍ ညနေ ၄ နာရီခွဲတွင် ကျောက်ပန်းတောင်းမြို့မှ ညောင်ဦး မြို့သို့ ဆက်လက်ထွက်ခွာသွားကြသည်။ ၎င်း ထိုင်းနိုင်ငံသား ဘုန်းတော်ကြီးများ၊ လူပုဂ္ဂိုလ်များနှင့်အတူ HIJET အဖြူရောင်မော်တော်ယာဉ်တစ်စီးနှင့်အတူ လိုက်ပါကူညီကြသည့် ကပ္ပိယယာဉ်မောင်း ဦးကျော်ကျော်မိုးနှင့် ယာဉ်နောက်လိုက်တစ်ဦး လိုက်ပါခဲ့ကြပြီး စက်ဘီးနှစ်စီးပါရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


