၁၈ အောက်တိုဘာ
ပြင်သစ်နိုင်ငံ ပဲရစ်မြို့အပြင်ရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းဆရာတစ်ဦးအား ခေါင်းဖြတ်သတ်ခဲ့သူလို့ သံသယ ရှိသူမှာ ရုရှားနိုင်ငံ မော်စကိုမြို့မှာ မွေးဖွားခဲ့တဲ့ အသက် ၁၈ အရွယ် ချင်ချီယာလူမျိုး တစ်ဦးဖြစ်ကြောင်း တရားရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက စနေနေ့မှာ ပြောပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ ပြင်သစ်ကျောင်းဆရာဟာ သမိုင်းဆရာတစ်ဦးဖြစ်ပြီး ပရောဖတ်မိုဟာမက်အကြောင်း ကာတွန်းပြပြီး လွတ်လပ်စွာ ပြောဆိုခွင့်အကြောင်းကို ကျောင်းခန်းအတွင်းမှာ ဆွေးနွေး ပြောဆို နိုင်ရေးကို လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကျောင်းဆရာကို ခေါင်းဖြတ်သတ်ခဲ့တဲ့အမှုနဲ့ ဆက်နွယ်သူ နောက်ထပ် ၅ ဦးကို ဖမ်းဆီးထားကြောင်း၊ အဲဒီ ၅ ဦးထဲမှာ ကျောင်းဆရာရဲ့ကျောင်းမှ ကျောင်းသားတစ်ဦးရဲ့ မိဘတွေဖြစ်ကြောင်း၊ ကျောင်းဆရာကို သတ်ဖြတ်မှုနဲ့ ပတ်သတ်ပြီး လက်ရှိအချိန် ထိ ဖမ်းခံထားရသူ ၉ ဦးရှိကြောင်း သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ မိဘတွေဟာ ကျောင်းဆရာရဲ့ ကာတွန်းပြမယ့် အစီစဉ်ကို သဘောမတူသူတွေလို့ သိရပါတယ်။
ကျောင်းဆရာကို တိုက်ခိုက်ခဲ့သူကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်ခဲ့သူရဲ့ မှတ်ပုံတင်ကိုသူ့ကိုယ်ပေါ်မှာ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ ပဲရစ်မြို့လယ်ကနေ အနာက်မြောက်ပိုင်း မိုင် ၂၀ အကွာ ရှိ အလယ်တန်း တစ်ကျောင်းမှာ ဖြစ်ခဲ့ကြောင်း နဲ့ အခင်းဖြစ်ပွားချိန်ဟာ ညနေ ၃ နာရီဝန်းကျင်လို့ ဆိုပါတယ်။
သမ္မတ မာခရွန်က အခင်းဖြစ်ပွားရာ နေရာကို သွားရောက်ခဲ့ပြီး အခုတိုက်ခိုက်မှုဟာ အစ္စလာမ်အကြမ်းဖက်တိုက်မှု ဖြစ်တယ်လို့ သမ္မတ က ပြောဆိုပါတယ်။
MDN
ကိုးကား - AFP