ခြူးစန္ဒီနွေး

 

ဩဂုတ် ၁၆ ရက် ပါရီမြို့ရဲ့ညနေခင်းတစ်ခုမှာတော့ အမျိုးသမီးနှစ်ဦးဟာ ထိုင်ခုံအသီးသီးနဲ့ နေဝင်ချိန်ရှုခင်းကို ကြည့်ရှုနေကြပါတယ်။ အဲဒီအချိန်မှာ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ပြီးသွားရမယ့် နေရာအသစ်တွေ ထပ်တိုးလိုက်တဲ့အကြောင်း လော်စပီကာနဲ့လိုက်လံပြီး သတိပေးနေတဲ့အသံ ကြားလိုက်ရပါတယ်။ ဆာဖီယာဇန်နေ့ဂ်ျက သူ့ရဲ့သူငယ်ချင်းကို နှာခေါင်းစည်းပါလားလို့ မေးလိုက်ပါတယ်။ သူငယ်ချင်းဖြစ်သူက နှာခေါင်းစည်းတပ်ရတာမကြိုက်လို့ မပါခဲ့ဘူးလို့ ပြန်ဖြေလိုက်ပါတယ်။

တစ်ကျော့ပြန်မြင့်တက်လာ

ပြင်သစ်နိုင်ငံမှာ ကိုဗစ်- ၁၉ ကူးစက်ခံရမှု တစ်ကျော့ပြန်မြင့်တက်လာတဲ့အတွက် ပါရီမြို့ ဧရိယာနဲ့ နိုင်ငံတစ်ဝန်းအခြားသော မြို့ကြီးတွေမှာ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ဖို့အမိန့်တွေ ထုတ်ထားရပါတယ်။ နောက်ပြီး ပြင်သစ်ပြည်သူတွေအနေနဲ့ လက်ရှိအခြေ အနေကို ကျေနပ်မနေဘဲ ကျန်းမာရေး သတိရှိကြဖို့ အာဏာပိုင်တွေက တိုက်တွန်းနှိုးဆော်နေကြရပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ နွေရာသီကာလမှာ ကူးစက်မှု လှိုင်းလုံးအသစ်နဲ့ ထပ်ကြုံလာရပါတယ်။

စည်းကမ်းလိုက်နာခြင်းမရှိ

လူအများအပြားဟာ နွေရာသီအားလပ်ရက်မှာ ကိုဗစ်- ၁၉ ရောဂါမတိုင်မီက အခြေအနေအတိုင်း ခရီးသွားလာမှုတွေ ပြန်လည်ပြုလုပ်ခဲ့ကြပြီး ပုံမှန်လူနေမှု ဘဝကိုပြန်ရဖို့ ကြိုးစားခဲ့ကြပါတယ်။ စားသောက်ဆိုင်၊ ပန်းခြံတွေနဲ့ ကော်ဖီဆိုင်တွေမှာလည်း လူတွေ ပြန်ပြည့် လာခဲ့ပါတယ်။ ဒီနေရာတွေကို သွားရောက်လည်ပတ်သူ အများစုကတော့ လူငယ်တွေဖြစ်ပြီး သူတို့ဟာ နှာခေါင်း စည်း တပ်ဆင်တာတွေ၊ လူအချင်းချင်း ခပ်ခွာခွာနေရမယ့် စည်းကမ်းတွေကို လိုက်နာခဲ့ခြင်း မရှိပါဘူး။ မကြာသေးမီ ရက်ပိုင်းအတွင်း ပြင်သစ်နိုင်ငံမှာ နေ့စဉ်ကူးစက်မှုနှုန်းဟာ ၃၀၀ဝ အထိ ရှိလာတာကို အံ့အားသင့်ဖွယ် တွေ့ရှိလာရ ပါတယ်။ လအစောပိုင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နှစ်ဆ တိုးလာတာကို တွေ့ရှိရပါတယ်။

လူငယ်တွေ ကူးစက်ခံရ

အာဏာပိုင်တွေကလည်း အစုလိုက်ကူးစက်မှုရဲ့ အကြောင်းရင်းကို ရှာဖွေနေကြပါတယ်။ ကူးစက်မှု အသစ်တွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ လူငယ်တွေဖြစ်ပြီး အသက် ၁၅ နှစ်နဲ့ ၄၄ နှစ်ကြားတွေလို့ သိရပါတယ်။ လက်ရှိပြသနေတဲ့ အခြေအနေတွေဟာ စိုးရိမ်စရာ ကောင်းပြီး အခြေအနေတွေ ယိုယွင်းနေတယ်လို့ ပြင်သစ် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုး ဂျရိုမီ ဆယ်လိုမွန်က ပြောပါတယ်။ ကပ်ရောဂါရဲ့ကံကြမ္မာဟာ ကျွန်တော်တို့ရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်လို့ သူက ဆက်ပြောပါတယ်။ ဒီကပ်ရောဂါဟာ ဆက်လက်ရှိနေဦး မှာဖြစ်ပြီး ပြည်သူတွေဟာ နေထိုင်မှုပုံစံနဲ့ သဟဇာတ ဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ ပြင်သစ်နိုင်ငံဟာ ကိုဗစ်- ၁၉ ကြောင့် လူပေါင်း ၃၀၄၀၀ သေဆုံးခဲ့ရပြီး ကမ္ဘာပေါ်မှာ သေနှုန်းအမြင့်ဆုံးနိုင်ငံတွေထဲက တစ်ခုပါ။

စီးပွားရေး ထိခိုက်ခဲ့ရ

မတ်လအလယ်နှင့်မေလလယ်အတွင်းမှာ တိုင်းပြည် အတွင်း အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် စီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရပါတယ်။ ဒါပေမယ့် လည်း အဲဒီလို အသွားအလာပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ် ခဲ့တာကိုပဲ ကျေးဇူးတင်ရမှာပါ။ ဘာလို့လဲဆိုတော့ အသွားအလာ ကန့်သတ်မှုတွေကြောင့် ပြင်သစ်နိုင်ငံဟာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ခဲ့ပြီး နွေရာသီ အစမှာပဲ ပိတ်ဆို့ကန့်သတ်မှုတွေကို ဖြေလျှော့ပေးမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လူတွေကို အသွားအလာ ကန့်သတ်ထားတုန်းက ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားနိုင် ခဲ့ပြီး အခုလို အသွား အလာတွေ ပြန်လည်ခွင့်ပြုလိုက်တဲ့အခါ ကူးစက်မှုနှုန်း ပြန်တိုးလာတာဟာ အံ့ဩဖွယ်ရာ မရှိပါဘူး။

ဥရောပအတွင်း တစ်ကျော့ပြန် ကူးစက်မှုများ

နောက်ထပ်ကူးစက်မှုတွေ ပြန်ဖြစ်လာတာဟာ ဥရောပ မှာ ပြင်သစ်တစ်နိုင်ငံတည်းတင် မဟုတ်ပါဘူး။ အခြား ဥရောပနိုင်ငံတွေမှာလည်း အလားတူပါပဲ။ စပိန်နိုင်ငံမှာ ဆိုရင်လည်း ဒေသတွင်း အစုလိုက် ကူးစက်မှုအသစ်တွေ ပြန်လည်ပေါ်ပေါက်လာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ပြင်သစ်နိုင်ငံမှာ ကူးစက်မှုအသစ် ၂၀၀၀၀ တွေ့ရှိ ခဲ့ပြီး အီတလီနိုင်ငံမှာတော့ ၇၀၀၀၊ ဗြိတိန်မှာ ၃၀၀၀ ထပ်မံတွေ့ရှိခဲ့တယ်လို့ နယူးယောက်တိုင်းမ်ရဲ့ အချက် အလက် စုစည်းမှုတွေအရ သိရပါတယ်။ ပြင်သစ်မှာ နေ့စဉ် သေဆုံးမှုနှုန်းကတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ၁၅ ဦး ရှိပါတယ်။ ကူးစက်မှု စတင်ဖြစ်ပွားခါစ မတ်လနဲ့ မေလအတွင်းမှာတော့ ပြင်သစ်နိုင်ငံမှာ နေ့စဉ် သေဆုံးမှု ဟာ ရာနဲ့ချီပြီး ရှိပါတယ်။ ပြင်သစ်နိုင်ငံ မောင့်ပီလီရား တက္ကသိုလ်ရောဂါဗေဒပညာရှင် မာစီရာဆိုဖာနီယာကတော့ ဥရောပနိုင်ငံတွေဟာ ကူးစက်မှုနှုန်း လျော့ကျလာမယ်လို့ တွက်ချက်ထားကြကြောင်း ပြောခဲ့ပါတယ်။

ရောဂါလက္ခဏာမပြကြ

ပြင်သစ်အာဏာပိုင်တွေကတော့ အခုကူးစက်မှုတွေ ဟာ လူငယ်တွေဖြစ်ပြီး အချို့သူတွေမှာ ရောဂါလက္ခဏာ ပြသခြင်း မရှိပါဘူး။ ရောဂါလက္ခဏာမပြတဲ့ လူတွေဆီက နေ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်လူနာတွေဆီ ကူးစက်သွားပြီး ရောဂါပျံ့နှံ့လာမှာကို စိုးရိမ်နေကြရပါ တယ်။ ပြင်သစ်မှာ ကိုဗစ်- ၁၉ ရှိ မရှိ စစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ပေးလျက်ရှိပြီး တစ်ပတ်အတွင်းမှာ လူပေါင်း ၆၀၀၀၀ဝ ကို ဆေးစစ်ပေးမှုတွေ လုပ်ဆောင် နိုင်ခဲ့ပါတယ်။

လူတိုင်းကို ဆေးစစ်မပေးနိုင်

ကိုဗစ် - ၁၉ စတင်ဖြစ်ပွားခါစ အချိန်တုန်းကဆိုရင် ပြင်သစ်မှာ စမ်းသပ်ရေးကိရိယာတွေ ပြတ်တောက်မှုနဲ့ ရင်ဆိုင်ရပြီး လူတိုင်းကို ဆေးစစ်မပေးနိုင်ခဲ့ပါဘူး။ သံသယရှိသူအတော်များများကို စစ်ဆေးမပေးနိုင်တဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရပါတယ်။ အသက် ၂၃ နှစ် အရွယ် စီးပွားရေးကျောင်းသူတစ်ဦးဖြစ်တဲ့ ရာဖီလီက သူ့တုန်းကဆိုရင် ကိုဗစ် - ၁၉ ရောဂါလက္ခဏာတွေ ပြတာတောင် ဆေးမစစ်နိုင်လို့ အိမ်ထဲမှာပဲ နေခဲ့ရတယ်လို့ ပြောပါတယ်။ ကိုဗစ် - ၁၉ကြောင့် ပိတ်ထားရတဲ့ကျောင်း တွေ ပြန်ဖွင့် မဖွင့်ကတော့ မသေချာပါဘူး။ ကျောင်း အတော်များများဟာ ပုံမှန်အတိုင်းပြန်ဖွင့်ဖို့ မသေချာ သေးတဲ့အတွက် အွန်လိုင်းပေါ်ကပဲ သင်ကြားဖို့ လိုအပ် နေပါတယ်။

အဓိကရည်ရွယ်ချက်

ပြင်သစ် သိပ္ပံကောင်စီကတော့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ကို အကြံပေးမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ ဒုတိယလှိုင်းရိုက်ခတ်မှုဟာ ပိုပြီးပြင်းထန်နိုင်တယ် လို့ သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပါရီမြို့နဲ့ မာဆေးလ်မြို့ ဧရိယာတစ်ဝိုက်ကို ကူးစက်မှုမြင့်တဲ့နေရာ တွေအဖြစ် ကြေညာထားပါတယ်။ နှာခေါင်းစည်း တပ်ဆင်ခြင်းဟာ ကိုဗစ် - ၁၉ ထိန်းချုပ်ဟန့်တားရေး အတွက် အစိတ်အပိုင်းတစ်ခုပါပဲ။ အခုအခါမှာတော့ ပြင်သစ်နိုင်ငံမှာ နှာခေါင်းစည်းလည်း လုံလုံလောက် လောက်ရှိနေပါပြီ။ ပြင်သစ်ပြည်သူတွေဟာ ဗိုင်းရပ်စ် ကူးစက်မှုကြားမှာ ဘယ်လိုရှင်သန်ရမလဲဆိုတာနဲ့လည်း အသားကျပြီးသားဖြစ်တာကြောင့် အစိုးရဟာ လိုအပ်တဲ့ တင်းကျပ်မှုတွေကို ပြုလုပ်နေပါတယ်။ အဓိကရည်ရွယ် ချက်ကတော့ ဒေသတွင်း ကူးစက်မှုတွေကို ထိန်းချုပ် လျှော့ချသွားနိုင်ဖို့ပါပဲ။ ။

ကိုးကား - နယူးယောက်တိုင်းမ်

 

မြန်မာ့အလင်း