ပြင်သစ်နိုင်ငံ၌ ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် ကလေးလေးဦးအပါအဝင် ခြောက်ဦးဒဏ်ရာရ

ဇွန် ၉

 

ပြင်သစ်နိုင်ငံတွင် ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် ကလေးလေးဦးနှင့်အရွယ်ရောက်သူနှစ်ဦးတို့ဒဏ်ရာရရှိခဲ့ရာ ဓားထိုးမှုနှင့် ဆက်စပ်သည့် ဆီးရီးယားအမျိုးသားတစ်ဦးကို ထိန်းသိမ်းထားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

 

အဆိုပါဓားထိုးခံရမှုကြောင့် အသက် တစ်နှစ်မှ သုံးနှစ်အရွယ် ကလေးများသည် ကျန်းမာရေးအခြေအနေစိုးရိမ်ရသည်ဟု ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။

 

အက်နက်စီမြို့အရှေ့တောင်ပိုင်းရှိ ပန်းခြံတစ်ခုတွင် ယမန်နေ့က ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။

 

ရဲတပ်ဖွဲ့က ထိုတိုက်ခိုက်မှုဖြစ်ပွားရာနေရာအနီးရှိ အသက် ၃၁ နှစ်အရွယ် ဆီးရီးယားနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဓားထိုးမှုနှင့်ပတ်သက်ပြီး ဆုံးဖြတ်ပေးရန် ကြိုးစားနေကြောင်း ၎င်းတို့ကပြောကြားသည်။

 

ထိုသူသည် လွန်ခဲ့သော ၁၀ နှစ်က ဆွီဒင်နိုင်ငံတွင် ခိုလှုံနေထိုင်ခဲ့သူဖြစ်ပြီး  ပြင်သစ်နိုင်ငံတွင် ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့သူလည်းဖြစ်သည်။

 

ဒဏ်ရာရရှိသောကလေးများအနက် တစ်ဦးသည် ဗြိတိန်လူမျိုးဖြစ်ပြီး အခြားတစ်ဦးသည် ဒတ်ချ်လူမျိုးဖြစ်ကြောင်းနှင့်  ခရီးသွားများအဖြစ် လာရောက်လည်ပတ်ကြသူများဖြစ်ကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို