ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်းလက်မှတ်ပြသပါက အများပြည်သူနှင့် သက်ဆိုင်ရာနေရာများသို့ ဝင်ရောက်နိုင် 

ဇန်နဝါရီ ၂၁

 

ပြင်သစ်နိုင်ငံဝန်ကြီးချုပ် ဂျိန်းကာတက်ရှ်က စားသောက်ဆိုင်များနှင့် အခြားသော လူအများရှိရာနေရာများသို့ ဝင်ရောက်ပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးကြောင်း လက်မှတ်ကို ပြသရမည်ဟူသော စည်းမျဉ်းအသစ်သည် ဇန်နဝါရီ ၂၄ ရက်တွင် စတင်အသက်ဝင်မည်ဟု ဆိုသည်။

 

ကာတက်ရှ်က ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များကို ဖြည်းဖြည်းချင်းရုပ်သိမ်းသွားမည် ဖြစ်ကြောင်း ယမန်နေ့ကပြောကြားသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ကိုဗစ်ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။

 

ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်ဖြစ်သည့် သီတင်းပတ်တစ်ပတ်လျှင် အနည်းဆုံးသုံးရက် နေအိမ်မှပင် အလုပ်လုပ်ရန်ဟူသောအချက်ကို ဖေဖော်ဝါရီ ၂ ရက်ကစတင်ကာ ပယ်ဖျက်မည်ဖြစ်သည်။ ယင်းနေ့မှာပင် အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ဆင်ရမည်ဟူသည့်အချက်လည်း ပယ်ဖျက်မည်ဟု ၎င်းက ဆိုသည်။

 

နိုင်ငံတစ်ဝန်းတွင် မကြာသေးမီကပင် ကိုဗစ်ကူးစက်ဖြစ်ပွားသူ ၄၀၀၀၀၀ ကျော်ရှိခဲ့သည်။ သို့ရာတွင် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူသည့် လူနာအရေအတွက် လျော့ကျလာသည်။

 

ပဲရစ်မြို့အနီးဝန်းကျင်တွင် ကိုဗစ်ရောဂါကူးစက်မှု ကျဆင်းလျက်ရှိသော်လည်း ကိုဗစ်တိုက်ဖျက်ရေး အစီအမံများကို ဆက်လက်လုပ်ဆောင်ရန်လည်း လိုအပ်လျက်ရှိကြောင်း ၎င်းကပြောသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို