ပါရီ ဇန်နဝါရီ ၃

 

ပြင်သစ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ နှစ်သိန်းကျော်ရှိခဲ့ခြင်းကြောင့် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နှစ်သိန်းကျော်ရှိခဲ့သည်မှာ လေးရက်ဆက်တိုက် ရှိသွားပြီဖြစ်ကြောင်းနှင့် ကူးစက်ခံရသူစုစုပေါင်း ၁၀ သန်းကျော်ရှိလာကြောင်း ပြင်သစ်နိုင်ငံအစိုးရနှင့် ပြည်သူ့ကျန်းမာရေးအေဂျင်စီက ပြောကြားသည်။

 

ပြင်သစ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၉၁၂၆ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် အဆိုပါရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၁၉၁၉၂၆ ဦးရှိလာကြောင်း သိရသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ အနက် ၁၈၈၁၁ ဦးသည် ဆေးရုံများ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး ၃၅၆၀ သည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၁ ရက်အထိကာလအတွင်း ပြည်သူ ၅၃ သန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ယင်းအရေအတွက်သည် နိုင်ငံလူဦးရေ၏ ၇၈ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

 

ထို့ပြင် ပြင်သစ်နိုင်ငံ၌ လူဦးရေ ၂၅ သန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်