ပါရီ ဇန်နဝါရီ ၁၃
ပြင်သစ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၈၁၄၉ ဦး ထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားပြီးနောက်ပိုင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ ပြည်သူ့ကျန်းမာရေးအေဂျင်စီက ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ လက်ရှိတွင် ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသူ ၂၃၃၇၁ ဦးရှိကြောင်းနှင့် ၃၉၆၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံ ယူလျက်ရှိကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ၌ စာသင်ကျောင်းများတွင် ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၅၀၀၀၀ ခန့်တွေ့ရှိခြင်းကြောင့် စာသင်ကျောင်းပေါင်း ၁၀၀၀၀ ကျော်အား ပိတ်ထားရကြောင်း ပြင်သစ်ပညာရေးဝန်ကြီး ဘလန်ကွာက ပြင်သစ်မီဒီယာများအား ပြောကြားသည်။ ။
ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ နိုင်ငံသား ၅၃ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ယင်းအရေအတွက်သည် နိုင်ငံ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရသည်။ လက်ရှိတွင် ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၂၉ သန်းကျော် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်