ပါရီ ၃၀ နိုဝင်ဘာ
ကိုဗစ်-၁၉ကြောင့် တစ်လကြာ အသွားအလာ ကန့်သတ် ပိတ်ဆို့မှုများပြုလုပ်ထားရာမှတစ်စိတ်တစ်ပိုင်း ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီးနောက်ပိုင်းတွင် ပြင်သစ်နိုင်ငံရှိ စတိုးဆိုင်များသည် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်လာပြီဖြစ်သည်။
ပြင်သစ်အစိုးရသည် ကိုဗစ်-၁၉ ဖြေလျှော့မှုများကို အဆင့်လိုက် စတင်လုပ်ဆောင်ခဲ့သည်။ နိုဝင်ဘာလ အစောပိုင်းက ပြင်သစ်နိုင်ငံ၏ နေ့စဉ်ကိုဗစ်-၁၉ ကူးစက်မှုသည် ၆၀၀၀၀ ကျော်ရှိရာမှ လွန်ခဲ့သော သီတင်းပတ်က ၂၀၀၀၀ အောက် ကျဆင်းခဲ့သည်။
ပါရီရှိ အရုပ်ဆိုင်တစ်ဆိုင်သည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ ဈေးဝယ်သူများက ခရစ္စမတ် လက်ဆောင်များနှင့် အလှဆင်ပစ္စည်းများ လာရောက်ဝယ်ယူခဲ့ကြသည်။ လွန်ခဲ့သောလက အဆိုပါဆိုင်သည် ပစ္စည်းအမှာစာရင်းများကို ဖုန်းဖြင့်လက်ခံခဲ့ပြီး ဆိုင်ရှေ့တွင် ဈေးဝယ်သူများကို ပစ္စည်းများလွှဲပြောင်းပေးခဲ့သည်။
ဆိုင်ပိုင်ရှင်က လွန်ခဲ့သောနှစ်နှင့်နှိုင်းယှဉ်လျှင် ရောင်းအား ၃၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ပြောကြားသည်။
ပြင်သစ်နိုင်ငံရှိ လက်လီရောင်းချသူများသည် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် တစ်နှစ်လုံးရောင်းအား၏ သုံးပုံတစ်ပုံ ရောင်းချရလေ့ရှိကြောင်း ပြောကြားသည်။ ပြင်သစ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းအသင်းက အဆိုပါနှစ်လတာကာလသည် အလွန်အရေးကြီးသော လများဖြစ်ကြောင်း ပြောကြားလိုက်ပြီး လက်လီရောင်းချသူ များကို ပုံမှန်ရောင်းဝယ်ဖောက်ကားခွင့်ပြုရန် အစိုးရကို တိုက်တွန်းထားသည်။
နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှု ၅၀၀၀ နီးပါး ကျဆင်းခဲ့ပါက ဒီဇင်ဘာ ၁၅ ရက်မှစကာ အသွားအလာကန့်သတ် ပိတ်ဆို့မှုနေရာတွင် ညမထွက်ရအမိန့်ပြောင်းလဲကျင့်သုံးရန် အစိုးရက စီစဉ်လျက်ရှိသည်။ အစိုးရက ပြည်သူများကို ခရစ္စမတ်နှင့် နှစ်သစ်ကူးရက်များတွင် ညဘက်ထွက်ခွင့် ပြုထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ