ပါရီ ဒီဇင်ဘာ ၁၂
ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူယယ် မက်ခရွန်သည် ဒီဇင်ဘာ ၁၄ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ပြင်သစ်အသင်းနှင့် မော်ရိုကိုအသင်းတို့၏ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို တက်ရောက်အားပေးရန် ကာတာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ပြင်သစ်အားကစားဝန်ကြီး အမီလီအော့ဒီယာ-ကက်စတာရာက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သည့် ပြင်သစ်အသင်းသည် ဒီဇင်ဘာ ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မော်ရိုကိုအသင်းကမူ ပေါ်တူဂီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ ပြီးနောက် ပြင်သစ်အသင်းနှင့် မော်ရိုကိုအသင်းတို့သည် ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲတက်ရောက်ရေး ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပြင်သစ်သမ္မတ မက်ခရွန်၏ ကာတာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်အသေးစိတ် အချက်အလက်များကို သေချာစွာရှင်းလင်း ပြောကြားခြင်းမရှိခဲ့သော်လည်း မက်ခရွန်အနေဖြင့် ကာတာနိုင်ငံသို့ သွားရောက် မည်မှာ သေချာကြောင်း ပြင်သစ်အားကစားဝန်ကြီးက ပြောကြားခဲ့သည်။
အကယ်၍ ပြင်သစ်အသင်းအနေဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ပါက ပြင်သစ်သမ္မတ မက်ခရွန်အနေဖြင့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို တက်ရောက်အားပေးရန် စောင့်ဆိုင်းနေမည်ဖြစ်ကြောင်းလည်း မက်ခရွန်၏ရုံးက ပြီးခဲ့သည့်လအတွင်းက ပြောကြားခဲ့သည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - အလင်းသစ်