ပွင့်သောပန်းတိုင်း  မွှေးအောင်

၈ ဇူလိုင်

လူတိုင်း သစ်ပင်စိုက်ဖူးချင်မှ စိုက်ဖူးပါလိမ့်မည်။ လူအတော်များများကတော့ စိုက်ဖူးလိမ့်မည်ထင်ပါသည်။ အချို့က အစေ့မှ၊ အချို့ကအပင်ပေါက်ကလေး၊ အချို့က ကိုင်းဖြတ်၍ဖြစ်စေ တစ်နည်းနည်းဖြင့် စိုက်ပျိုးကြပါလိမ့်မည်။ မည်သို့ပင်ဆိုစေ မိ်မိစိုက်ပျိုးထားသောသစ်ပင်ကလေး အစေ့မှ အညှောက်ပေါက်လာပုံ၊ အညှောက်ကလေးမှ အရွက်ကလေးနှစ်လွှာထွက်လာပုံပြီးမှ အညွန့်ကလေးတလူလူ တက်လာပုံတို့ကို ဆင့်ကဲဆင့်ကဲတွေ့ မြင်ရသည်မှာ ဥယျာဉ်မှူးအဖို့ မည်မျှကြည်နူးနေလိုက်မည်နည်း။

အပင်တစ်ပင်ရှင်သန်ရန်ဆိုသည်မှာ မျိုးစေ့၊ ရေခံမြေခံ၊ ရာသီဥတု ၊ ဥယျာဉ်မှူးတို့အပေါ်တွင် များစွာမူတည်နေပါသည်။ မျိုးစေ့ကောင်းသော်လည်း မြေမကောင်း၊ ရေမကောင်းလျှင် အပင်မရှင်သန်နိုင်။  ရေမြေကောင်းသော်လည်း  ရာသီဥတု၊ ပိုးမွှားဖျက်ဆီးလျှင် အပင်မကြီးထွားနိ်ုင်။ ရာသီဥတုကောင်းသော်လည်း ဥယျာဉ်မှူးက ပေါင်းမြက်မရှင်း၊ လျစ်လျူရှုထား ခြင်းခံရလျှင် အပင်မှာ  ကြီးထွားတန်သလောက် မကြီးထွား။ ငုံစိစိဖြစ်နေပါမည်။ အပင်တစ်ပင်  ကြီးထွားသန်စွမ်းရန်ဆိုရာတွင်    ထည့်သွင်းသင့်သည့်မြေဩဇာ     input  များထည့် တန်သလောက်ထည့်မှသာ ဥကအစကအအဖြစ် မွှေးကြိုင်လန်းဆန်း  သောပန်းရနံ့များ သင်းပျံ့လာမည်ဖြစ်ပါသည်။

မျိုးစေ့မှန်က  အပင်သန်မည်

ထိုနည်းတူစွာ  ကျွန်တော်တို့  ရင်မှဖြစ်သော  သားသမီးများကို လူကောင်းလူတော်၊ လူလိမ္မာလေးများဖြစ်လာစေရေးအတွက် ပြုစုပျိုးထောင်ပေးကြရန် မိဘများတွင် တာဝန်ရှိနေ ပါသည်။  မိဘတိုင်းက    သားသမီးတိုင်းကို    ချစ်ကြသည်မှာ ကမ္ဘာဦးအစကတည်းက ဖြစ်သည်။ လူများအတွက်မဆိုထားဘိ။ ကြက်ကလေး၊ ငှက်ကလေးများပင် သူတို့၏ သားသမီးများကို အရွယ်ရောက်လာသည်အထိ ပြုစုစောင့်ရှောက်ကြသည်မှာ ကျွန်တော်တို့ပတ်ဝန်းကျင်တွင်  နိစ္စဓူဝမြင်တွေ့နေရပါသည်။ လူရော၊ တိရစ္ဆာန်ပါ ရင်မှဖြစ်သောသားသမီးများကို ချစ်ခင်သည့်စိတ်မှာ  အတူတူပင်ဖြစ်ပါသည်။  ချစ်ကြသည်ဆိုသော်လည်း  ချစ်ပုံချစ်နည်းတော့  ကွဲပြားမှုအနည်းငယ်စီ  ရှိနိုင်ပါသည်။ အချို့မိဘများက ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝကြ၏။

သူတို့၏    သားသမီးများကို    အထူးကုဆေးရုံများတွင် မွေးဖွားကြသကဲ့သို့    ခြွေရံသင်းပင်းစုံလင်စွာဖြင့်  ကြီးပြင်းခဲ့ကြရ၏။ အရွယ်ရောက်လာသော် နာမည်ကြီးသော ကျောင်းများတွင်  ပညာသင်ကြားရန်  ပို့ပေးနိ်ုင်ကြ၏။  လောကလူ့ရွာ၌ လူတိုင်းငွေကြေးဥစ္စာပြည့်စုံသည်မဟုတ်။ သာမန်စားနိုင် သောက်နိုင်သော  လူလတ်တန်းစားများရှိသကဲ့သို့  စားဝတ်နေရေးအတွက် ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရသောမိသားစုများလည်း ဒုနဲ့ဒေး ဆိုသလိုရှိနေပါသည်။  ထိုအရာများသည် ဘုရားဟောဒေသနာများအရ      အတိတ်ကံအကျိုးပေးနှင့် ဆိုင်သကဲ့သို့ လက်ရှိဘဝ၏အလုပ်နှင့်လည်း ဆက်စပ်မှုရှိမည် ထင်ပါသည်။ ချမ်းသာခြင်း၊ ဆင်းရဲခြင်းသည် လောကဓံတရားမို့  ရဲရဲရင့်ရင့်  ရင်ဆိုင်ရုံမှတစ်ပါး အခြားမရှိ။ ရှောင်ကွင်း၍ကား မရ။  သားသမီးများအဖို့မူကား  ချမ်းသာသောမိဘအိမ်တွင်  နေချင်သည်၊      ဆင်းရဲသောမိဘအိမ်တွင်      မနေချင်ဟူ၍ ရွေးချယ်ပိုင်ခွင့်မရှိ။  ကံ အကျိုးပေးအတိုင်းသာ ရောက်ရှိကြမည်။ မိဘများ၏အခြေအနေသည်    ရေခံမြေခံ၊    ဓာတ်မြေဩဇာ၊  ဥယျာဉ်မှူးများ၏ အခန်းကဏ္ဍနှင့်   တူပါသည်။   သားသမီးများ မှာကား  မျိုးစေ့ပင် ဖြစ်တော့သည်။ မျိုးစေ့မှန်က  အပင်သန်မည်သာဖြစ်၏။

မည်မျှပင်ချို့တဲ့စေကာမူ ကြိုးစားက ထိပ်ဆုံးအထိ ရောက်နိုင်ပါသည်။ ကျေးလက်ဇနပုဒ်မှ လင်ကွန်းဆိုသော လူငယ်လေးသည် ငယ်စဉ်က အလွန်ဆင်းရဲ၏။ သာမန်ပညာရေးကို ၁၈ လ ခန့်သာ သင်ကြားခဲ့ရပြီး မီးလင်းဖိုဘေးတွင် မီးသွေးခဲဖြင့် မြေကြီးပေါ်၌  စာရေးစာဖတ်လုပ်ခဲ့ရသူဖြစ်လင့်ကစား  သူ၏ ရိုးသား ကြိုးစားမှုကြောင့်  အမေရိကန်နိုင်ငံ၏  ၁၆  ယောက်မြောက် သမ္မတဖြစ်ခဲ့၏။ အပင်တစ်ပင် ရှင်သန်ကြီးထွားရန်မှာ ရေခံမြေခံသည် အကြောင်းမဟုတ်၊ မျိုးစေ့မှန်ရန်သာ အဓိကဖြစ်သည်ကို လင်ကွန်းက  သက်သေပြခဲ့သည်။    ဆင်းရဲခြင်းသည်  အပြစ် မဟုတ်။  ဆင်းရဲခြင်းမှ  ရုန်းထွက်နိုင်ခြင်းကသာ  လောကဓံကို ရင်ဆိုင်ရဲသူဖြစ်သည်ဟု ဆိုချင်ပါသည်။

အခမဲ့ပညာသင်ကြားနိုင်ရန် ဆောင်ရွက်ပေး

မိမိတို့၏  သားသမီးများကို    ကျောင်းနေစဉ်အရွယ်တွင် ပညာသင်ကြားရန် စာသင်ကျောင်းများသို့ ပို့ကြရမည်မှာ မိဘများ၏ ဝတ္တရားဖြစ်သည်။ ယခုအချိန်တွင် နိ်ုင်ငံတော်မှအခြေခံ ပညာရေး၌ အခမဲ့ပညာသင်ကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိရာ ငွေကြေးအတွက်  ပူပန်စရာမလိုတော့။  ကျောင်းဝတ်စုံများပင် ထောက်ပံ့ပေးနေပြီမို့ ကျောင်းဝင်းအတွင်း ရောက်အောင်သာ ပို့ကြရန်လိုအပ်ပါသည်။ ပညာရေးနှင့် ပတ်သက်၍ ကျောင်းသင်ခန်းစာများသာမကဘဲ အရွယ်အလိုက် ပြင်ပဗဟုသုတရနိုင်သည့် ရသ၊ သုတစာပေများကို ဖတ်ရှုနိုင်အောင် မိဘများ၊ ဆရာ ဆရာမများကပါ    လမ်းညွှန်ပေးရန်လိုအပ်ပါသည်။ 

ကလေးသူငယ်များအတွက်    အသက်အရွယ်အလိုက်  ဖတ်ရှုလေ့လာ နိုင်သော   စာအုပ်စာပေများကို    စီစဉ်ပေးထားကြရပါမည်။ စာရိတ္တပိုင်းဆိုင်ရာ  တိုးတက်ကောင်းမွန်လာစေရေးအတွက် လောကနီတိ၊    ငါးရာ့ငါးဆယ်      ဇာတ်နိပါတ်တော်များမှအစ ဗုဒ္ဓစာပေများနှင့်  အခြားဘာသာရေးဆိုင်ရာအခြေခံများကိုလည်း အလျဉ်းသင့်သလို သင်ကြားပြသပေးရပါမည်။ စာသင်ကျောင်းများသည်  နိုင်ငံတစ်နိုင်ငံ၏  လူ့စွမ်းအားအရင်းအမြစ်များကို အရည်အသွေးရော အရည်အချင်းပါ မြှင့်တင်ပေးနေသော စမှတ်နေရာဖြစ်ပါသည်။ အစကောင်းမှ အနှောင်းသေချာမည် ဆိုသည့်အတိုင်း အခြေခံပညာရေးကို စနစ်တကျ အုတ်မြစ်ချထား နိုင်ရန် အရေးကြီးပါသည်။


ကျောင်းသားလူငယ်များအနေဖြင့် ပညာသင်ကြားချိန်တွင် အပတ်တကုတ် ကြိုးစားကြရန် တာဝန်ရှိပါသည်။ ငယ်စဉ်အခါတွင် ပညာကို ရှာဖွေဆည်းပူးကြရမည်။ အချိန်ရှိခိုက် လုံ့လစိုက် ကြဖို့လိုသည်။  ယနေ့လူငယ်များသည်  နောင်အနာဂတ်  နိ်ုင်ငံတော်ကြီးကို ယခုလူကြီးများထံမှ ပခုံးလွှဲပြောင်း၍ တာဝန်ထမ်း ဆောင်ကြရမည့်သူများဖြစ်သည်ကို သတိမူကြစေချင်ပါသည်။ အရည်အသွေးရှိသော၊ စွမ်းရည်မြင့်မားသော လူငယ်များအဖြစ် နိ်ုင်ငံတကာနှင့်  ရင်ပေါင်တန်းနိုင်အောင်  ငယ်စဉ်ကတည်းက ကြိုတင်ပြင်ဆင်ကြရန်လိုအပ်ပါသည်။ ဥယျာဉ်မှူးနှင့်တူသော မိဘ၊ ဆရာသမားများက တာဝန်ကျေပွန်စွာ ပေါင်းသင်၊ အစာ ကျွေး၊ ရေလောင်းပေးနေချိန်တွင် မိမိတို့ဘက်ကလည်း သန်သန်မာမာနှင့်  ရှင်သန်နိုင်အောင်    လုံ့လဝီရိယစိုက်ထုတ်ရပေလိမ့်မည်။ မျိုးစေ့ကောင်းများ ဖြစ်ကြရပါမည်။

ကမ္ဘာပေါ်တွင် စံပြုထိုက်သောလူမျိုးများ

ဂျပန်လူမျိုးများသည် ၄င်းတို့ ထုတ်လုပ်သည့်မော်တော်ကားများ၏ အရည်အသွေးနှင့် ပတ်သက်၍ မည်သည့်အခါမှ ကျေနပ်တင်းတိမ်ရောင့်ရဲမှု မရှိတတ်ကြ။ အမြဲတမ်းဆန်းသစ်တီထွင် ကြံဆနေကြပြီး  တစ်နေ့ထက်တစ်နေ့  ပိုမိုကောင်းမွန်အောင် ကြိုးစားနေကြ၏။ အချိန်ကိုအကျိုးရှိစွာအသုံးချမှုနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် စံပြုထိုက်သောလူမျိုးများမှာ ဂျပန်များပင် ဖြစ်၏။    ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်အချိန်တွင်  ပြာပုံဘဝ ရောက်ခဲ့သော်လည်း  အချိန်တိုအတွင်း  ရုန်းထနိ်ုင်ခဲ့သည်မှာ ၄င်းတို့၏  အောင်မြင်လိုသောစိတ်ဓာတ်နှင့်အချိန်ကို အကျိုးရှိစွာအသုံးချခဲ့မှုကြောင့်ဆိုလျှင် မှားမည်မထင်ပါ။ အောင်မြင် နေသောနိုင်ငံများမှ  အတုယူသင့်သည်များကို  အတုယူကြရန် လိုပါသည်။  ရှက်စရာမလိုပါ။ သိသလိုလို၊ တတ်သလိုလို ဟန်ဆောင်နေခြင်းကသာ  ရှက်ဖွယ်ကောင်းမည်  မဟုတ်ပါလား။  မိမိတို့နိုင်ငံသားများအပါအဝင်    မိမိတို့နိုင်ငံ    အကျိုးကျေးဇူးရှိမည်ဆိုလျှင်  နည်းပညာဖြစ်စေ၊  မူဝါဒပိုင်း  ဖြစ်စေ၊ စည်းမျဉ်းစည်းကမ်းများဖြစ်စေ        မိမိတို့      ရေခံမြေခံနှင့် သင့်တော်မည်ဆိုပါက  ပြည်ပမှ  တင်သွင်းရမည်သာ  ဖြစ်ပါသည်။

သို့သော် မြန်မာလူထုနှင့် မသင့်လျော်သော  မြန်မာ့ယဉ် ကျေးမှုဓလေ့ထုံးတမ်းစဉ်လာနှင့် ဖီလာဆန့်ကျင်သော အပြုအမူ၊ အပြောအဆို၊ ဝတ်စားဆင်ယင်မှုများကို အထူးသတိထား ရှောင်ကြဉ်ကြရန်လိုပါသည်။ ကောင်းတာကိုယူ၍ မကောင်းတာကို ပယ်ကြရပါမည်။ တံခါးများကိုဖွင့်ထားလျှင် လေကောင်း လေသန့်များရနိုင်သကဲ့သို့ ဖုန်၊ အမှိုက်စသည့် အလေအလွင့်များလည်း ဝင်ရောက်လာနိုင်သည်ကို သတိထားကြရပါမည်။ ခြံစည်းရိုးများကို ထာဝရပိတ်ထား၍ကား မဖြစ်နိုင်။ ဟာလာ ဟင်းလင်း ဖွင့်ထား၍လည်း မရ။ ရေလောင်း၊ ပေါင်းသင်၊ အစာကျွေးရန်၊  ဝင်ပေါက်ထွက်ပေါက်များ  ထားရှိရန်တော့လိုမည်။ ဥယျာဉ်မှူး ကောင်းကောင်းရှိရန်သာ လိုသည်။ ယနေ့လူငယ် လူရွယ်များအား    မိမိတို့ခေတ်    ငယ်စဉ်ကလို    ဗိုင်းကောင်း ကျောက်ဖိအိမ်တွင်းပုန်းအဖြစ်ထားပြီး    ပြင်ပနှင့်    အဆက်အသွယ်ဖြတ်ထား၍  မရတော့။  နည်းပညာများက  တိုးတက် ပြောင်းလဲလာပြီဖြစ်သည်။  အခန်းကျဉ်းကလေးထဲမှာပင် ကမ္ဘာကြီးနှင့် အချိန်မရွေး ဆက်သွယ်နိုင်နေပြီ။ ပန်းအဖူးအငုံ ကလေးများနှင့်တူသော ငယ်ရွယ်သူသားသမီးများကို ဉာဏ်ပညာဖြင့်    ပြောဆိုဆုံးမတတ်ရန်  လူကြီးမိဘများ၊  ဆရာ ဆရာမများတွင်  အဓိကတာဝန်ရှိသည်။ ယနေ့ခေတ် လူငယ် များကို    လိမ္မာရေးခြားရှိလာအောင်    အကြောက်တရားဖြင့် သမားရိုးကျ   ကြိမ်းမောင်းပြောဆိုနေ၍  အလုပ်မဖြစ်တော့။ ဆင်ခြင်တုံတရားရှိစေရန်၊    အရာရာတွင်  အစွန်းမရောက်စေရန်၊  ကိုယ်ချင်းစာတရား  ထားတတ်စေရန်  နိစ္စဓူဝပြောဆို ဆုံးမထားကြမှသာ တော်ကာကျပါမည်။

ပွင့်သောပန်းတိုင်းမွှေးစေရန်  

မြန်မာနိုင်ငံ၏အနာဂတ်သည် ပန်းကလေးများနှင့်တူသော လူငယ်လူရွယ်များ၏လက်ထဲတွင် ရှိနေပါသည်။ သူတို့ကလေးတွေ၏ ငယ်ရွယ်စဉ်ဘဝမှ ပညာသင်ကြားချိန်အထိ ဖြောင့်ဖြူး သောလမ်းပေါ်တွင်  လျှောက်လှမ်းနိုင်စေရန်  ယနေ့လူကြီးများက  ခိုင်မာသောအုတ်မြစ်ကို  ချထားပေးရန်  လိုပါသည်။ သူတို့လူကြီးဖြစ်လာကြသောအခါ ယနေ့လူကြီးများကို ကျေးဇူးတင်ကြပေလိမ့်မည်။ ယနေ့ကျွန်တော်တို့ အားကျပြီး အတုယူ နေရသော    စင်ကာပူနိုင်ငံကြီးကို      တည်ဆောက်ခဲ့သည့် ခေါင်းဆောင်ကြီး    လီကွမ်ယုကို  ယနေ့စင်ကာပူနိုင်ငံသား လူငယ်လူရွယ်များက ကျေးဇူးတင်နေသကဲ့သို့ ဖြစ်ပါလိမ့်မည်။ လှပသောပန်းဥယျာဉ်ကြီးသည်  ဥယျာဉ်မှူးကောင်း၏ပြုစု ယုယမှုကြောင့် ဖြစ်ထွန်းလာသကဲ့သို့ ဥယျာဉ်ထဲမှ ပန်းပွင့်များ၏  ရှင်သန်လိုစိတ်သည်လည်း    အခရာကျမည်ထင်ပါသည်။ ရေခံမြေခံကောင်းရှိနေပြီးဖြစ်သော  မြန်မာနိုင်ငံတွင်  လှပမွှေးကြိုင်သောပန်းများ ဖူးပွင့်ရန်အခက်အခဲမရှိပါ။ အားမာန်အပြည့်နှင့်ဖူးပွင့်နိုင်စေရန် ကျွန်တော်တို့အားလုံးတွင် တာဝန် ရှိနေပါသည်။ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းကို   နေရာတိုင်းတွင်  အကောင်အထည်ဖော်ကြဖို့သာ လိုပါတော့သည်။  ပွင့်သောပန်းတိုင်းမွှေးစေရန်  ကျွန်တော်တို့ အားလုံး သွေးအေးမနေသင့်တော့ပါကြောင်း တိုက်တွန်းလိုက် ရပါသည်။    
   
တိုက်မောင်း