နှင်းမိုးအိမ်
မကြာသေးမီ နှစ်ပိုင်းများအတွင်း သတိထားမိလောက်အောင် သိသာထင်ရှားတဲ့ ပြင်းထန်တဲ့ ရာသီဥတုတွေ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လို့နေပါတယ်။ အဲဒီလို ပြင်းထန်တဲ့ရာသီဥတုတွေကြောင့် လူ့အသိုင်းအဝိုင်းနဲ့ ဂေဟစနစ်နှစ်ခု စလုံးမှာ ထင်ရှားတဲ့ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာပါတော့တယ်။
အပူလှိုင်းဖြတ်မှုများ
ပထမဦးစွာ ကမ္ဘာနဲ့တစ်ဝန်းဖြစ်ပေါ်နေတဲ့ အပူရှိန်လွန်ကဲမှုဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် တောမီးလောင်မှုတွေ၊ အပူလှိုင်းဖြတ်တာတွေကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ဒေသ အများအပြားမှာ အပူနဲ့ဆက်စပ်တဲ့ အခြေအနေတွေကြောင့် လူထောင်နဲ့ချီတဲ့သေဆုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အာရှမှာဆိုရင် အိန္ဒိယနိုင်ငံမှာ ယခုနှစ်အတွင်း အရှည်ကြာဆုံးသော အပူလှိုင်း ဖြတ်မှုနဲ့ ကြုံတွေ့နေရပါတယ်။ မေလ ၁၄ ရက်ကစပြီး အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီး ယပ်စ်ထက်ကျော်လွန်နေတာကို တွေ့ရှိရပါတယ်။ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ် ထက်ကျော်လွန်နေတာ ၃၈ ရက် ကျော်လွန်နေပါပြီ။ ဥတ္တရာပရာဒေ့ရှ်နဲ့ ဘီဟာပြည်နယ်တို့မှာတော့ အပူချိန်ဟာ ၅၀ ဒီဂရီဆဲလ်စီးယပ်စ်ဝန်းကျင်အထိ ရောက်ရှိခဲ့ပါတယ်။
အိန္ဒိယကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အရ မတ် ၁ ရက်ကနေ ဇွန် ၁၈ ရက်အတွင်း အပူနဲ့ဆက်စပ်ပြီး သေဆုံးမှု ပေါင်း ၁၁၀ ရှိပြီးတော့ အပူလျှပ်သူပေါင်း ၄၀၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ ဆိုရင်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့အပူချိန်ကြောင့် အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်းတွေရဲ့ အကျပ်အတည်း ကို ပိုမိုဆိုးရွားစေပြီး ပြည်သူ့ကျန်းမာ ရေးအကျပ်အတည်းကို ဖြစ်ပေါ်စေပါတယ်။
ရစ်ချက်ပီကော့ဆိုသူကတော့ ဂါဇာကမ်းမြောင်ဒေသနဲ့ ဂျော်ဒနန်မြစ် အနောက်ဘက်ကမ်းဒေသ ကျန်းမာရေး အရာရှိတစ်ဦးဖြစ်ပြီး ပြင်းထန်တဲ့ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာရတဲ့ ရလဒ်တွေကို ဇွန် ၂၁ ရက်က အောက်ပါအတိုင်းဖော်ပြခဲ့ပါတယ်။ အပူချိန်ပြင်းထန်မှုကြောင့် ဒေသတွင်းမှာ ရေအရင်းအမြစ် ညစ်ညမ်းမှုပြဿနာ၊ အစားအသောက်ပျက်ခြင်းနဲ့ ခြင်ပေါက်ပွားမှုတွေ ပိုပြီးဆိုးရွား လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားမှုဆိုရင်လည်း ယမန်နှစ်ကနဲ့နှိုင်းယှဉ်ရင် ၂၅ ဆ ပိုပြီး ဆိုးလာတယ်လို့ သိရပါတယ်။
ဥရောပလည်းအပူဒဏ်ခံရ
ပြင်းထန်တဲ့အပူချိန်ကို ခံစားရတာကတော့ အာရှဒေသချည်းပဲ မဟုတ်ပါဘူး။ ဥရောပနိုင်ငံ အများအပြားမှာလည်း အပူဒဏ်ကို ခံစားရပါတယ်။ အီတလီ နိုင်ငံမြို့တော် ရောမနဲ့အခြားမြို့ ရှစ်မြို့ မှာ ဇွန် ၂၁ ရက် အပူချိန်ပြင်းထန်မယ်ဆိုပြီး အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အချို့မြို့တွေမှာဆိုရင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်မယ်ဆိုပြီး ခန့်မှန်းထား ခဲ့ပါတယ်။ အပူကြောင့် လူတွေရဲ့ကျန်းမာရေးကို သိသာထင်ရှားစွာ သက်ရောက်မှုရှိမယ်ဆိုပြီး သက်ဆိုင်ရာအာဏာပိုင်တွေက သတိပေးထားကြပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ နာတာရှည်ကျန်းမာရေးပြဿနာရှိသူတွေမှာ ပိုပြီးသက်ရောက်မှုရှိပါတယ်။
တောမီးလောင်မှုဖြစ်ပေါ်
မြောက်အမေရိကမှာဆိုရင် ကာလရှည်ကြာအပူလှိုင်းကြောင့် အမေရိကန် ပြည်ထောင်စု အနောက်ပိုင်းဒေသတွေမှာ တောမီးလောင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာတော့ နယူးမက္ကဆီကို၊ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ ကော်လိုရာဒိုနဲ့ ဝါရှင်တန်တို့မှာ တောမီးလောင်မှု ပေါင်း ၂၀ နီးပါးဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဇွန် ၂၀ ရက်မှာ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ လူပေါင်းသန်း ၁၀၀ နီးပါးဟာ ပြင်းထန်တဲ့အပူချိန် သတိပေးမှု အောက်မှာ နေထိုင်နေရတယ်လို့ သိရပါတယ်။
ရေကြီးမှုဖြစ်ပေါ်
ပြင်းထန်တဲ့ အပူလှိုင်းများအပြင် အပြည်ပြည်ဆိုင်ရာနဲ့ ဒေသတွင်း မိုးရွာသွန်းမှုပုံစံတွေ အပြောင်းအလဲ များစွာရှိခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပေါ်ခြင်း၊ ပျက်စီးဆုံးရှုံးမှု များစွာဖြစ်ပေါ်ခြင်းနဲ့ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခြင်းတို့ တွေ့ကြုံလာရပါတယ်။ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ်ရဲ့ အချက်အလက်များအရ ကမ္ဘာ လုံးအနှံ့ ရေကြီးရေလျှံဖြစ်ပေါ်မှုတွေဟာဆိုရင် ပြီးခဲ့တဲ့နှစ်ပေါင်းလေးဆယ်အတွင်းမှာ နှစ်ဆတိုးလာတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင် ယခုလအတွင်း ရက်အတန်ကြာ မိုးရွာသွန်းမှုတွေနဲ့ကြုံတွေ့ရပြီး မြစ်ရေချိန် မြင့်တက်လာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် အရှေ့မြောက်ဒေသမှာရှိတဲ့ လယ်ကွက်တွေ ရေနစ်မြုပ်ခဲ့ပြီး လူနေအဆောက်အအုံတွေ ပျက်စီးတာ၊ ကောက်ပဲသီးနှံနဲ့ လမ်းတွေ ပျက်စီးတာ တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ ရေကြီးမှုကြောင့် မြို့ရွာပေါင်း ၁၃၆ ခုထက်မနည်း ထိခိုက်ခံစားခဲ့ရပြီး လူပေါင်းတစ်သန်းကျော် ရေကြီးမှုဒဏ်ခံစားခဲ့ရတယ်လို့ သိရပါတယ်။
ပစ္စည်းဥစ္စာများဆုံးရှုံး
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ် ပြောကြားချက်အရ နိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ ရေကြီးမှုဒဏ်ကို ကလေးပေါင်း ၇၇၂၀၀၀ ခံစားခဲ့ရပြီး ဆဲလ်လက် ဒေသမှာ ကျောင်းပေါင်း ၈၁၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။ ရေကြီးမှုတွေကြောင့် စာသင်ကျောင်းပေါင်း ၅၀၀ နီးပါးကို ယာယီခိုလှုံရာနေရာတွေအဖြစ် အသုံးပြုခဲ့ရပါတယ်။ မကြာသေးမီ ရက်များအတွင်း လက်တင်အမေရိက နိုင်ငံတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေ တွေ့ကြုံရပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ လူသေဆုံးမှုတွေ၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
ရာသီဥတု ပြင်းထန်ဆိုးရွားမှု ဖြစ်ပေါ်လာမှုဟာ ပိုပြီးပြင်းထန်လာရုံသာမက ဖြစ်ပွားတဲ့ အကြိမ်အရေအတွက်လည်း စိပ်လာတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ပါတယ်။ ထို့ပြင် တစ်ကမ္ဘာလုံးဆိုင်ရာ နှင်းမုန်တိုင်းဖြစ်ပေါ်မှုနဲ့ အအေးဓာတ်လွန်ကဲတဲ့ ရာသီဥတုဖြစ်ပေါ်မှုဟာလည်း သိသာ ထင်ရှားလာပါတယ်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးရဲ့ အချက်အလက်တွေအရ အာတိတ်ဒေသ ကမ္ဘာ့ပျမ်းမျှ ဆောင်းရာသီအပူချိန်တိုးနှုန်းဟာဆိုရင် နှစ်ဆဖြစ်လာတယ်လို့ သိရပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဖြစ်
ကမ္ဘာလုံးဆိုင်ရာ ပြင်းထန်တဲ့ ရာသီဥတုတွေ ဘာကြောင့်မကြာခဏပိုပိုပြီး ပြင်းထန်လာရသလဲ။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရာကတော့ ကမ္ဘာကြီးပူနွေးလာမှုကြောင့်လို့ သိပ္ပံပညာရှင်တွေက ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုကို မတည်မငြိမ် ဖြစ်စေပြီး ပြင်းထန်တဲ့ ရာသီဥတုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်လာစေပါတယ်။ ဒါ့အပြင် လူသားတွေရဲ့ အပြုအမူတွေကြောင့်လည်း ပြင်းထန်တဲ့ ရာသီဥတုအခြေအနေကို ဖြစ်ပေါ်စေပါတယ်။ အကြီးစားစက်မှုလုပ်ငန်းတွေနဲ့ သဘာဝအရင်းအမြစ်တွေ အလွန်အကျွံ ထုတ်ယူ သုံးစွဲခြင်းတွေကြောင့်လည်း ဖန်လုံအိမ်ဓာတ်ငွေ့အမြောက်အမြား ထုတ်လွှတ်မှု ဖြစ်ပေါ်စေပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာပြီးခဲ့တဲ့ ဆယ်စုနှစ်များ အတွင်း ပိုမိုမြင့်မားလာခဲ့ပြီး ကမ္ဘာကြီးပူနွေးလာမှုနဲ့ရာသီဥတုဖောက်ပြန်မှုတွေကို ဖြစ်ပေါ် စေတယ်လို့ အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီရဲ့အချက်အလက်များအရ သိရပါတယ်။
ကိုးကား - ဆင်ဟွာ