ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်နှင့် သာကေတမြို့နယ် အနော်မာ ရပ်ကွက်တို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။ တစ်ဆက်တည်းပင် ကောလာဟလ သတင်းစကား ပေါ်ထွက်လာသဖြင့် ပြည်သူများစိုးရိမ်ပူပန်မှုမဖြစ်အောင် သက်ဆိုင်ရာ အဖွဲ့အစည်းများက အသိပေးနှိုးဆော် လိုက်နာသိရှိ ဆောင်ရွက်ရမည်တို့ကို ပြုလုပ်ပေးလျက်ရှိသည်။
ဖြစ်စဉ်အမှန်ကို နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းအသိပေးပြောကြားခဲ့သည်။ ဇူလိုင်လ ၃ ရက်နေ့ ကွင်းဆင်းစစ်ဆေးမှုအရ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားသူ ၁၂ ဦးရှိပြီး ဆေးရုံတက်ရောက်ကုသသူ ကိုးဦးရှိကြောင်း သိရသည်။ ဆေးရုံတွင်စစ်ဆေးသည့်အခါ လူနာတစ်ဦးတွင် ကာလဝမ်းရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန်လူနာများကိုလည်း စစ်ဆေးခဲ့သည်။ ဖြစ်ပွားမှုဇာစ်မြစ်မှာ ဒေါပုံနွယ်အေး ကျူးကျော်သဲကွင်းရပ်ကွက်၌ အိမ်ခြေ ၁၆၆ လုံးရှိ လူဦးရေ ၆၄၆ ဦးတို့သည် အများသုံးအိမ်သာ ၁၂ လုံးကို အသုံးပြုရာမှ ဖြစ်ပွားရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက သုံးသပ်ထားသည်။ ဆေးရုံတက်လူနာများတွင် သေဆုံးသူမရှိဘဲ မူလရောဂါအခံ ခုခံအားကျဆင်းမှု ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ရောဂါဖြစ်ပွားလျှင်ဖြစ်ပွားချင်း ကျန်းမာရေးဝန်ကြီးဌာနက ကွင်းဆင်းစစ်ဆေးပြီး ဖြစ်ပွားရာ ရပ်ကွက်များတွင် ယာယီဆေးခန်းများဖွင့်လှစ်၍ ကုသပေးလျက်ရှိ သည်။ ထို့အပြင် တိုင်းဒေသကြီးမှ တာဝန်ရှိအဖွဲ့အစည်းများ၊ ဒေသခံကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် လုပ်အားပေးများက စုံစမ်းထောက်လှမ်းခြင်း၊ လူနာနှင့်အနီးကပ်ထိတွေ့သူများကို ကျန်းမာရေး အသိပညာပေးခြင်း၊ ပဋိဇီဝဆေးတိုက်ကျွေးခြင်း၊ ကလိုရင်းဆေးခတ်ပေးခြင်း၊ သန့်ရှင်းသောရေ ရရှိရေးဆောင်ရွက်ပေးခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်ပေးခြင်းစသည့် ကုသရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဝမ်းပျက်၊ ဝမ်းလျှောရောဂါဆိုသည်မှာ ရေနှင့်အစားအသောက် မသန့်ရှင်းလျှင် ရာသီမရွေး ဖြစ်ပွားတတ်သည်။ အထူးသဖြင့် မိုးဦးကျကာလနှင့် မိုးအကုန် ဆောင်းအကူးကာလများတွင် အများဆုံး ဖြစ်ပွားလေ့ရှိသော ရောဂါတစ်မျိုးဖြစ်သည်။ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ကာလဝမ်းရောဂါဖြစ်ပွားစေသော ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသော အစားအစာများကို စားသောက်မိရာမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေသည်။ ထို့ကြောင့် ရေကိုကျိုချက် သောက်သုံးခြင်း၊ ယင်နားစာများကို ရှောင်ရှားခြင်း၊ သန့်ရှင်းသောအိမ်သာများ အသုံးပြုခြင်းတို့ကို အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်သည်။
ဝမ်းရောဂါမဖြစ်ပွားစေရေးအတွက် အညစ်အကြေးများကို အထူးသတိပြုရမည်ဖြစ်သည်။ ရောဂါပိုးပါဝင်သည့် ဝမ်းအညစ်အကြေးများတွင်ရှိနေသော ရောဂါပိုးများသည် ယင်ကောင်မှတစ်ဆင့်လည်းကောင်း၊ မသန့်ရှင်းသောလက် စသည်တို့မှလည်းကောင်း၊ ရောဂါပိုးများ အစားအစာနှင့် သောက်သုံးရေများအတွင်းသို့ ရောက်ရှိခြင်း သို့မဟုတ် တိုက်ရိုက်ဝင်ရောက်ခြင်း (ဥပမာ - မိလ္လာပေါက်ခြင်း၊ လျှံထွက်စိမ့်ဝင်စီးဆင်းခြင်း၊ အညစ်အကြေးများကို မြေဩဇာအဖြစ် အသုံးပြုခြင်း) တို့မှတစ်ဆင့် စားသောက်မိသူများအား ကူးစက်စေပြီးနောက် တစ်ဦးမှတစ်ဦးသို့ ရောဂါဆက်လက်ကူးစက်တတ်ပါသည်။
ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ လက္ခဏာများမှာ အရည်ဝမ်းများစွာသွားခြင်း၊ ငါးညှီနံ့နံသော ဆန်ဆေးရေကဲ့သို့ ဝမ်းများသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ အရေပြား၏ ကျုံ့ဆန့်နိုင်သောအား လျော့နည်းလာခြင်း၊ အရေပြားခြောက်ကပ်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်း၊ လျှာနှင့် နှုတ်ခမ်းများ ခြောက်သွေ့ခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်နိုင်ပါသည်။ ယခုအခါ မြို့ပြများ၌ လူဦးရေထူထပ်လာခြင်းကြောင့် မိလ္လာသုံးစွဲမှုများတွင် ကြီးမားသော ပြဿနာများ ရှိနေကြောင်းကို သတိပြုရမည်ဖြစ်သည်။ နေထိုင်ရာ နေအိမ်အဆောက်အအုံများတွင် သုံးရေလမ်းကြောင်းများ၌ မိလ္လာအညစ်အကြေးများ စိမ့်ဝင်မှုကို သတိပြုရမည်ဖြစ် သည်။
ထို့ကြောင့် ဝမ်းရောဂါပိုးကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အစာမစားမီနှင့် အစားအစာ မပြင်ဆင်မီအချိန်တွင် အညစ်အကြေးများ၊ အမှိုက်များကို ကိုင်တွယ်ပြီး ချိန်နှင့် အိမ်သာမှ ဆင်းချိန်တိုင်းတွင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ စနစ်တကျ ဆေးကြောရန် လိုအပ်ပါသည်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရန်နှင့် ယင်လုံအိမ်သာကို ရာနှုန်းပြည့်သုံးစွဲရန်လိုအပ်ပါသည်။ ရေကို ကြိုချက်သောက်သုံးရန်၊ အစားအစာများကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးရန်၊ သန့်ရှင်းသော သောက်သုံး ရေဖြစ်ကြောင်းစစ်ဆေးရန်၊ အစားအစာများကို ယင်မနားအောင် လုံခြုံစွာဖုံးအုပ်ထား ရန်၊ ခြင်၊ ယင်တို့ မပေါက်ပွားအောင် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အမြဲဂရုစိုက် ဆောင်ရွက်ရန်တို့ ပြုလုပ်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားပါက အလျင်အမြန် ကုသမှုမခံယူလျှင် အသက်အန္တရာယ် ထိခိုက်နိုင်သောကြောင့် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးလမ်းညွှန်မှုများကို လိုက်နာပြီး တစ်ကိုယ်ရေကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို လူတိုင်းလူတိုင်း အထူး သတိပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ကြေးမုံ