နေပြည်တော် အောက်တိုဘာ

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အတူ ပင်းတယမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ အတွင်းလူနာခန်းတို့ကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့ဆေးရုံတွင် ပြည်သူများအား ဆေးကုသ ဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများကို အားပေးစကားပြောကြားပြီး အသစ်ဆောက်လုပ်ဆဲ နှစ်ထပ်လူနာဆောင်ကို ကြည့်ရှုကာ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ၊ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့သူများအား ကိုဗစ်-၁၉ ရောဂါရှာဖွေရေး လုပ်ငန်းဆောင်ရွက်နေမှုများကို စစ်ဆေးပြီး ကိုဗစ်-၁၉ RDT Test Kit နှင့် ကာကွယ် ဆေးများကို ဝန်ကြီးဌာနအနေဖြင့် အလုံအလောက် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အထူးကြိုးစားဆောင်ရွက် ပေးလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။

လက်ခံကုသပေးလျက်ရှိ အဆိုပါ ပင်းတယမြို့ ပြည်သူ့ဆေးရုံသည် ခုတင်(၅၀)ဆံ့ ဆေးရုံဖြစ်ကာ ဆရာဝန် နှစ်ဦး၊ သူနာပြု၊ ၁၀ ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လာရောက်ကူညီနေသည့် သားဖွား/ ကျန်းမာရေး ကြီးကြပ်-၂ ဝန်ထမ်း ၁၁ ဦးတို့ဖြင့် လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း၊ အတွင်းလူနာများအဖြစ် ကိုဗစ်ရောဂါပိုးတွေ့လူနာ ၃၂ ဦးနှင့် အခြားရောဂါ အတွင်း လူနာ ၄၁ ဦး စုစုပေါင်း ၇၃ ဦးကို လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်