ပင်းတယ ဇူလိုင် ၁၂
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ရေး အတွက် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ မြို့နယ်များတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ၊ မြို့နယ်ဓမ္မာရုံ၌ လူဦးရေ ၁၀၀ ဆံ့ Quarantine Center ထားရှိရန် ကြိုတင်ပြင်ဆင်မှုများအား ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတ အဖွဲ့ဝင်များက Quarantine Center ပြုလုပ်မည့်နေရာအား ပတ်ဝန်းကျင် လေဝင်လေထွက် ကောင်းမွန်ရေး နှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သန့်ရှင်းသပ်ရပ်စွာထားရှိနိုင်ရေး စုပေါင်း၍ကြိုတင်ပြင်ဆင်များ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ပင်းတယမြို့ရှိ မြို့နယ်ဓမ္မာရုံ Quarantine Center ၌ stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများ၊ ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်မှုရှိသူများအနေနဲ့ မိမိတို့ နေအိမ်တွင် နေထိုင်ရန် အခက်အခဲရှိသူများအားထားရှိသွားမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပင်းတယ (ပြန်/ဆက်)


