ပင်းတယ   ၁၈  နိုဝင်ဘာ  

 

ရှမ်းပြည် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ စည်ပင်သာယာရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်တွင် ဆောင်ရွက်သည့် ငွေလုံးငွေရင်း လုပ်ငန်းများအား နိုဝင်ဘာလ ဒုတိယပတ်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပုန်းတလုတ်ရေကန်ရှိ နှုန်းစစ်ရေကန် အနောက်ဘက် မြေသားလမ်းအရှည် ၃၁၅ ပေ အကျယ် ၁၂ ပေ အားကတ္တရာလမ်းခင်းခြင်း၊ သီရိမင်္ဂလာရပ်ကွက် လမ်းမမြေသားလမ်းအရှည် ၂၈၅ ပေ အကျယ် ၁၂ အား ကတ္တရာလမ်းခင်း ခြင်းလုပ်ငန်း၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံမူလတန်းကျောင်းအဝင် မြေသားလမ်းအား အရှည် ပေ  ၃၀ဝ အကျယ် ၁၂ ပေအား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများအား မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ အမှုဆောင် အရာရှိ ဦးစည်သူဝင်း၏ လမ်းညွှန်မှုဖြင့် အငယ်တန်းအင်ဂျင် နီယာ(၂) ဒေါ်သိင်္ဂီဝင်းဦးက ကြီးကြပ်၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ တတိယပတ်မှ စတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပင်းတယမြို့နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စည်ပင်သာ ယာရေးဦးစီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယ သုံးလပတ် ငွေလုံးငွေရင်း လုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။

 

 ပင်းတယ(ပြန်/ဆက်)