ပင်းတယ ၁၈ ဇွန်
ရှမ်းပြည်၊ တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၆ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း ပင်းတယမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ပင်းတယမြို့နယ်တွင် စုစုပေါင်း ကျေးရွာပေါင်း ၁၃၀ ရှိပြီး အခြေခံပညာကျောင်းပေါင်း ၁၂၀ ရှိရာ ကျောင်းအဆင့် တိုးမြှင့်ခွင့် ရရှိသည့် ကျောင်းများမှာ မဲနယ်တောင်ကျေးရွာ (အ.ထ.က-ခွဲ) မှ အခြေခံပညာ အထက်တန်းကျောင်း၊ သိမ်ကုန်းကျေးရွာ (အ.လ.က-ခွဲ)မှ အခြေခံပညာ အလယ်တန်းကျောင်း၊ နန်းကုန်း(နီး)ကျေးရွာ၊ စံသီးကုန်းကျေးရွာ၊ ပင်ပျော်ကျေးရွာနှင့် အိမ်ပုကျေးရွာများမှ အခြေခံပညာ မူလွန်ကျောင်းများကို အခြေခံပညာ အလယ်တန်းကျောင်းခွဲများ အဖြစ်လည်းကောင်း စုစုပေါင်း ကျေးရွာ ၆ ရွာမှ အခြေခံပညာကျောင်း ၆ ကျောင်းအား တို့းမြှင့် ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
အခြေခံပညာကျောင်းများ တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခြင်းကြောင့် အဆိုပါကျေးရွာများမှ ကျောင်းသူ ကျောင်းသားများနှင့် ယင်းကျေးရွာ အနီးရှိ ကျောင်းသူကျောင်းသားများ အနေဖြင့် အခြားအလှမ်းဝေးသည့် ကျေးရွာများသို့ သွားရောက်၍ တက်ရောက် ရန်မလိုတော့ပဲ မိမိ ကျေးရွာ၌သာ တက်ရောက်ရမည်ဖြစ်ကြောင်း ပညာရေးမှူး ဒေါ်ခင်မာစီ၏ ပြောကြားချက်အရ သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)


